Home
မြန်မာသတင်း
မောင်တောတွင် စစ်တပ်နှင့် အေအေ တိုက်ပွဲဖြစ်၊ ဝက်ကျိန်းကျေးရွာအား စစ်တပ်က မီးရှို့
DVB
·
November 18, 2022
315550904_868094424212952_1998474162028568243_n

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာနဲ့ ဝက်ကျိန်းကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၂ နာရီကျော်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး ဝက်ကျိန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ မျက်မြင်ဒေသခံတွေက အတည်ပြု ပြောပါတယ်။

မျက်မြင်ဒေသခံတဦးက “ဝက်ကျိန်းကျေးရွာကို စပ်တပ်က မီးရှို့နေတယ်။ မီးခိုးတွေ ထွက်နေတာ တွေ့နေရတယ်။ မြဝတီနဲ့ ဝက်ကျိန်းကျေးရွာအကြားမှာ အေအေနဲ့ စစ်တပ်နဲ့ ဒီနေ့ နေ့လယ် ၂ နာရီကျော်ကစပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်နေကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ အရေးနိမ့်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အမြဲပြုလုပ်နေ​တာကြောင့် တိုင်းရင်းသားကျေးရွာတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖြိုဖျက်ချင်နေတဲ့ အနေအထားမှာ ရှိနေကြောင်း ​မောင်တောဒေသ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

“မောင်တောမြောက်ပိုင်းမှာ အေအဘက်က စစ်ရေးအားသာချက် များစွာရှိနေတယ်။ ကုန်းကြောင်းကတက်သွားတဲ့ စစ်ကူစစ်ကြောင်းတွေ ကြားဖြတ် အမြဲအတိုက်ခံနေရတာ။ အဲဒီတော့ တိုင်းရင်းသားကျေးရွာတွေအနီးကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးလာချတယ်။ လက်နက်ကြီးတွေပစ်တယ်။ အခုဆို မီးပါရှို့လာနေကြပြီ။”

လက်ရိှမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ဝက်ကျိန်းကျေးရွာက နေအိမ် ဘယ်လောက် မီးလောင်သွားတယ်ဆိုတာ မပြောနိုင်သေးကြောင်း ဝက်ကျိန်းရွာခံတွေက ပြောပါတယ်။

“ရွာလုံးကျွတ် ထွက်ပြေးနေကြရတာ ဘာမှမယူနိုင်ခဲ့ဘူး။ နေအိမ်ဘယ်နှစ်လုံး လောင်သွားတယ်ဆိုတာ မပြောနိုင်သေးဘူး။ တိုက်ပွဲက ပြင်းထန်နေဆဲပါ။”

လက်ရှိမှာ မောင်တောမြောက်ပိုင်းဒေသကို စစ်ကောင်စီလေကြောင်းကနေ စစ်ကူလိုက်လာပြီး ပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ နယ်ခြားစောင့်ကားတစီးကို အေအေက မိုင်းခွဲတိုက်ခိုက်ခဲ့လို့ နယ်ခြားစောင့် အယောက် ၂၀ ကျဆုံးပြီး ၁၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024