DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်တပ်ကပစ်ခတ်ပြီး နေအိမ်များမီးရှို့၊ ကလေးမြို့တွင် စစ်ကောင်စီတပ်ကို CNDF တိုက်ခိုက်
DVB
·
November 18, 2022
စစ်ကိုင်းတွင် စစ်တပ်ကပစ်ခတ်ပြီး နေအိမ်များမီးရှို့၊ ကလေးမြို့တွင် စစ်ကောင်စီတပ်ကို CNDF တိုက်ခိုက်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာနဲ့ တလိုင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် မင်းဝံတောင်ရိုးတကြောရှိ ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံပြည်သူ ၁၀,၀၀၀ ထက်မနည်း တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့သွားတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “အခုဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက အရင်ရက်တွေက ဝက်လက်မြို့နယ်ထဲက ထန်းကြီးရွာဘက်တကြောကို မီးရှို့ပြီး သောင်းကြမ်းခဲ့တဲ့ စစ်ကြောင်းလို့ သိရတယ်။ အဲ့ဒီဘက်ကနေ ဒီနယ်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာ။ အခု စဉ့်ကိုင်အခြေအနေကတော့ မီးလောင်အိမ်ခြေအရေအတွက် အတိအကျ မသိရသေးဘူး။ အတော်များတယ်။ ရွာစဉ်အလိုက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လာတာပါ” လို့  ပြောပါတယ်။

စဉ့်ကိုင်ကျေးရွာမှာ လူနေအိမ်ခြေ ၁၅၀ လောက်ရှိပြီး စဉ့်ကိုင်တောင်ရွာနဲ့ မြောက်ရွာ နှစ်ခြမ်းလုံးကိုပါ စစ်တပ်က မီးရှို့သွားတာလို့ သိရပါတယ်။

ဒါ့အပြင် စဉ့်ကိုင်ကျေးရွာကို မီးရှို့ပြီး တဆက်တည်းမှာပဲ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက်မှာ တလိုင်းကျေးရွာကို အဲ့ဒီစစ်ကြောင်းက ဝင်ရောက်လာကာ နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ သိရပြီး ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသတွင်းရှိ ကျေးရွာပေါင်း ၂၀ ‌ခန့်က ပြည်သူဦးရေ ၁၀,၀၀၀ ထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခု နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်အစပ်ရှိ ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ်ပေါင်း ၄၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့တဲ့အပြင် ဒေသခံပြည်သူ ၄ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး မသန်စွမ်းပြည်သူ ၁ ဦးလည်း မီးလောင်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက် နေကြာတိုက်အနီးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ‌CNDF နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က စစ်သား ၂ ဦး သေဆုံးကာ CNDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

တာဟန်းဘက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြို့ပတ်လမ်းကနေ ရှောင်ကွင်းပြီး စက်မှုဇုန်ဘက်ကနေ အိမ်ကိုပြန်လာတဲ့ ကလေးဒေသခံ မောင်နှမ ၂ ဦးပါလာတဲ့ ကားကို ညနေ ၆ နာရီလောက်မှာ မြို့ပတ်လမ်းပေါ် အထက (၈) စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် ကားမှန်ကွဲအက်သွားပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ မောင်နှမ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ပစ်ခတ်ခံခဲ့ရတဲ့ အမျိုးသားက “စက်မှုကနေ နေအိမ်ကိုပြန်ရင်း တာဟန်းဘက်မှာ ပစ်ခတ်‌သံကြားလို့ ရှောင်ကွင်းပြီးပြန်လာရင်း ညနေ ၆ နာရီကျော်မှာ အထက (၈) စာသင်ကျောင်းနားမှာ လှမ်းပစ်လို့ ကားမှန်ကွဲပြီး ကျနော်က ခြေထောက်မှာ ဒဏ်ရာနည်းနည်းရတယ်။ ကျနော့်အမက မျက်နှာမှာ ယမ်းစစင်လို့ နဖူးမှာဘုထွက်ပြီး မျက်လုံးဖွင့်မရဘူး။ အိမ်ပြန်ပြီး အဖေ့ကိုခေါ်ပြီး ဆေးရုံတက်ချင်လို့ပါဆိုပြီး ကလေးမြို့ ကာယကံမေတ္တာ လူမှုကူညီရေးအသင်းထံ အကူအညီတောင်းခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်ခံခဲ့ရတဲ့ အဆိုပါမောင်နှမ ၂ ဦးကတော့ လက်ရှိမှာ စိုးရိမ်စရာ အခြေအနေ မရှိဘူးလို့ သိရပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013