
ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ် ယာဉ်တန်းဟာ တပ်မ ၃၃ ကဖြစ်ပြီး ဖားကန့် ဆိပ်မူကျေးရွာအုပ် ဟင်းတင့်ကျေးရွာနားမှာရှိတဲ့ ဝတပ်ဖွဲ့ပိုင် မြန်မာတကောင်း ကုမ္ပဏီခွဲတခုဖြစ်တဲ့ အောင်ဟိန်းမင်းကုမ္ပဏီ လုပ်ကွက်ဆိုက်ထဲမှာ ဖောက်ခွဲရေးပစ္စည်း ယမ်းတွေ တရားမဝင် သိုလှောင်ထားတယ်လို့ သတင်းရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့ပြီး အပြန်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ သွားရောက်စစ်ဆေးရာမှာပါဝင်တဲ့ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ဖောက်ခွဲရေးပစ္စည်း ယမ်းတွေ တရားမဝင် ဝယ်ယူသိုလှောင်ထားတယ်လို့ သတင်းရတာကြောင့် လုပ်ကွက်ထဲ ဝင်ရောက်စစ်ဆေးခဲ့ပြီး တရားမဝင် သိုလှောင်ထားတဲ့ ယမ်းတွေနဲ့ ကျည်ဆန်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို လုပ်ကွက်ထဲက ပြန်ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုမရှိသလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခဲ့ရာမှာတော့ အရပ်သားတဦးကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကြောင်းက တရားမဝင် ကျောက်စိမ်းတူးဖော်နေတဲ့ နမ့်မှော်၊ တောင်းကော့၊ ကောင်စံနဲ့ စိန်လုံကမ်းပါးရှိ တရားမဝင် ကျောက်စိမ်းခိုးယူဖော်နေတဲ့ စက်ယန္တရားတချို့ကိုလည်း သေနတ်ပစ်ဖောက်ပြီး သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း အခုလို တရားမဝင် ကျောက်မျက်ခိုးယူတူးဖော်နေတဲ့ စက်ယန္တရားတွေနဲ့ လူ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ဖူးပြီး အဲဒီတုန်းကတော့ တရားစွဲတင်တာမျိုး မလုပ်ဘဲ ငွေနဲ့ညှိနှိုင်းဆောင်ရွက်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။