ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာမှာ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရိုးကြီးကျေးရွာမှာ ဒီနေ့မနက် ၉ နာရီက ကွမ်းယာဝယ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အုပ်ကြီး ကွမ်းဝယ်နေတဲ့အချိန် ဆိုင်ကယ်နဲ့ လာပစ်သွားတာ၊ ၇ ချက်လောက်ရှိတယ်၊ ပွဲချင်းပြီး သေသွားတယ်။”
ပစ်ခတ်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဟာ ကြံ့ခိုင်ရေးပါတီဝင်တဦးလည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သူက အုပ်ချုပ်ရေးမှူးရော ပြည်ခိုင်ဖြိုးပါတီဝင်ရော နေရာနှစ်ခုယူထားတာ။ ၇ ချက်ပစ်တယ်၊ ၄ ချက်ထိပြီး သေတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ရိုးကြီးကျေးရွာ နေထိုင်သူတွေကို ပိတ်ဆို့စစ်ဆေး နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။