
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြား မြတောင်ကျောင်းတိုက်အနီးမှာ နိုဝင်ဘာ ၁၇ ရက် မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး ကားတစီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ခံက “ကွဲတာ အသံအကျယ်ကြီး မြေပါတုန်တယ်။ ဝန်ကြီးချုပ်ကားတန်း ၃၅ လမ်း အနောက်ကနေ အရှေ့ဘက်အတက်မှာ ကွဲတာလို့တော့ ပြောတယ်။ အမျိုးသားတဦးသေပြီး ကားတစီးလည်း ထိခိုက်တာရှိတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ အသက် ၆၀ ဝန်းကျင်ရှိ ကျောက်သမားတဦးဖြစ်ပြီး လမ်းဘေးမှာ ကော်ဖီထိုင်သောက်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲပြီး ခဏအကြာမှာ စစ်ကောင်စီတပ်သားတွေ၊ အရပ်ဝတ်လက်နက်ကိုင်တွေ ရောက်လာကာ လမ်းပိတ်စစ်ဆေးတာ၊ အော်ဟစ်ဆဲဆိုတာတွေ လုပ်နေကြတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ၃၅ လမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေ အဖွဲ့ခွဲပြီး တားဆီး စစ်ဆေးတာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာလည်း ပုဂံတပ်ကျေးရွာ သုသာန်အနီး နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်ကြည့်ရှုရာ နောက်ထပ် ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနေ့ညက ဗုံးနှစ်လုံးကွဲသံနဲ့ အပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်။ အုပ်ချုပ်ရေးအဖွဲ့က ဒဏ်ရာရသူ ရှိတယ်လို့လည်း ကြားတယ်။ ပြည်သူ ၂ ဦး ထိတယ်လို့လည်း ကြားတယ်။”
ဗုံးပေါက်ကွဲမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ကျော၊ တင်ပါးတို့မှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။