
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်လို့ ချောင်းတွေမှာ ငါးတွေ အစုအပြုံလိုက် သေဆုံးနေတာ နိုဝင်ဘာ ၁၇ ရက် မနက်က တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းက ဗုံးချတာကြောင့် ငါးတွေ အစုအပြုံလိုက် သေဆုံးနေတဲ့ ချောင်းတွေကတော့ တရိမ်ချောင်း၊ မင်းကြီးရွာချောင်းနဲ့ ဝက်ကျိန်းချောင်းတွေဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မင်းကြီးကျေးရွာသားတဦးက “ဝက်ကျိန်းချောင်းမှာ ငါးတွေ အစုအပြုံလိုက် သေနေကြတာ ဒီနေ့မနက်မှာ တွေ့ကြရတာ။ လေယာဥ်နဲ့ဗုံးချတာ ချောင်းတွေမှာလည်း ကျတဲ့အတွက် အခုလိုသေတာလို့တော့ ပြောကြတယ်” လို့ ပြောပါတယ်။
တရိမ်း၊ မင်းကြီး၊ ဝက်ကျိန်း စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့အတွက် သေဆုံးနေတဲ့ငါးတွေကို ဆယ်ယူစားသောက်နေကြပြီး ပြန်ရောင်းချတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သေတဲ့ငါးတွေကိုတော့ လိုက်ဆယ်ပြီး စားသုံးသူတွေရှိတယ်။ ရွာတွေကို လာရောင်းချတဲ့သူတွေလည်း ရှိတယ်။ သုံးမရတဲ့ငါးတွေကတော့ ချောင်းတွေမှာ ဒီအတိုင်းရှိနေတယ်။”
မောင်တောမြောက်ပိုင်း ရန်အောင်မြင်ကျေးရွာ အနီးဝန်းကျင်ရှိ အေအေ တပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့ နေရာတွေကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဲဒီချောင်းတွေထဲ ဗုံးကြဲခဲ့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။