DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ဒေသခံအချို့ကို ဖမ်းဆီး၊ ပြည်သူ ၁ သောင်းကျော် တိမ်းရှောင်နေရ
DVB
·
November 18, 2022
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ဒေသခံအချို့ကို ဖမ်းဆီး၊ ပြည်သူ ၁ သောင်းကျော် တိမ်းရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ လှတောကျေးရွာ ဈေးတန်းအနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ တွေ ပြင်ဆင်ထားတဲ့ ပါဆယ်မိုင်းကွဲပြီး စစ်ကောင်စီတပ်ဖွဲ့က အရာရှိအဆင့်အပါဝင်၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ဟာ သူတို့တပ်စွဲ ထားတဲ့ လှတောကျေးရွာ ရဲစခန်းကနေ ရွာဈေးတန်းဘက် ထွက်ခွာလာချိန် ပြင်ဆင်ထားတဲ့ ပါဆယ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Black Wolf PDF တာဝန်ရှိသူက ပြောပါတယ်။

“ရွာဈေးတန်းဘက်ထွက်လာတုန်း အသင့်ချထားတဲ့ ပါဆယ်မိုင်းနား ရောက်လာတော့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ မိုင်းစထိတာက ၃ ကောင်ထိတာ။ အဲ့ဒီမှာ ၂ ယောက်သေတယ်၊ နောက် ၁ ယောက်ကလည်း အပြင်းအထန် ဒဏ်ရာရသွားတယ်။ သေတဲ့ ၂ ကောင်ထဲမှာ အရာရှိတကောင်ပါတယ်။ အခုမစ်ရှင်ကလည်း အောက်တိုဘာလအတွင်းက တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ကျနော်တို့အဖွဲ့က ရဲဘော်‌ ၄ ဦးအတွက် သွေးကြွေးပြန်ယူတာ ဖြစ်ပါတယ်။”

အဲ့ဒီတိုက်ခိုက်မှုကို ‌Black Wolf - PDF နဲ့ ပင်လယ်မုန်တိုင်း ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ‌‌မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အနီးနားရှိ ရွာတွေဘက်ကို ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် မုံရွာ-ချောင်းဦး လမ်းပိုင်းမှာလည်း နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

နေ့လယ် ၁ နာရီဝန်းကျင်က မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ မင်းရွာနဲ့ မြေနဲကျေးရွာကြားမှာ ခြေလျင်လျှောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ကားကို နေရာ ၂ နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

Monywa Peregrine People's Defence Force - မုံရွာ မှ တာဝန်ရှိသူတဦးက “မုံရွာ-ချောင်းဦးလမ်းပိုင်းမှာပဲ ၂ ကြိမ် တိုက်ခိုက်ခဲ့တာပါ။ ပထမအကြိမ်က စကစရဲ့ ခြေလျင်စစ်ကြောင်းကို အလစ်အငိုက် မိုင်းဆွဲခဲ့တာ။ ဒုတိယအကြိမ်ကတော့ တောပုရွာက ပျူစောထီးအဖွဲ့နဲ့ စကစတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီးကို မိုင်းထပ်ဆွဲတာ။ အဲ့ဒီ‌အကြိမ်က သူတို့အဖွဲ့တွေ အထိနာတယ်” လို့ ‌ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ PEREGRINE (PDF)၊ GENERATION Z (PDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း မုံရွာ-ချောင်းဦးလမ်းရှိ စွမ်းရည်ထက်ဆီဆိုင်အနီးမှာ မိုင်းလာရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၃ ဦးသေဆုံး၊ ၇ ဦးလောက် ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်အတွင်း ကျေးရွာတွေကို မွှေနှောက်ဖျက်ဆီးနေတဲ့ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီ တပ်ကို နိုဝင်ဘာ ၁၇ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ခင်‌ဦးပြောက်ကျားတပ်ဖွဲ့က တိုက်‌ခိုက်‌ခဲ့တယ်‌လို့ နိုဝင်‌ဘာ ၁၇ ရက်‌‌နေ့က ထုတ်‌ပြန်‌ပါတယ်‌။

ခင်ဦးမြို့အနောက်တောင်ခြမ်းရှိ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာကျေးရွာတွေကို မွှေနှောက်‌ပြန်‌လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကိုကုန်းသာ၊ အောင်သာ၊ ရွှေယမင်းကျေးရွာကြားမှာ ‌နေ့လယ် ၁ နာရီ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်‌လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို Khin U Local Guerrilla Force(KUGF) နဲ့အတူ ဒေသကာကွယ်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းတိုက်‌ခိုက်‌ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံ ၁ သောင်းကျော် နေရပ်စွန်ခွာထွက်ပြေးနေကြရပြီး ကျောင်းသားတဦးအပါအဝင် ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့က ရေဦးကနေ အင်အား ၇၀ လောက်နဲ့ ကျနော်တို့ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကုန်းသာကျေးရွာ‌တွေစီ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာတယ်။ အဲတာပြီးတော့ ကုန်းသာကျေးရွာက ပြည်သူပိုင်နေအိမ် ၅ လုံး ဖျက်ဆီးသွားတယ် ။‌ နောက်ပြီးတော့ အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသားတဦးနဲ့ ဒေသခံ ၂ ဦးကို အကြမ်းဖက် စကစ တပ်က  ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အခုအထိ လွှတ်မပေးသေးဘူးဗျ။ လူသားဒိုင်း လုပ်နေတယ်။ ကျနော်တို့ ရွာသားတွေအတွက် အသက်အန္တရယ်စိုးရိမ်နေကြရတယ်။”’

စစ်ကောင်စီကတော့ သူတို့သွားရာလမ်းတလျှောက်က ဆိုင်ကယ် ၅ စီးကိုလည်းမီးရှို့သွားသလို ညနေပိုင်းမှာလည်း ရွှေယမင်းကျေးရွာဘုန်းကြီးကျောင်းအတွင်း ယာယီစခန်းချနေထိုင်ပြီး အနီးအနားရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013