Home
မြန်မာသတင်း
နှစ်လနီးပါး ပျောက်ဆုံးနေသည့် လူငယ် ၁ ဦး၏ ရုပ်အလောင်း ကန်တော်ကြီးတွင် ပြန်တွေ့
DVB
·
November 18, 2022

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲမှာရှိတဲ့ ကန်တော်ကြီး ပန်ကန်လုံးကျွန်းအနီးက ရေပြင်ထဲမှာ နိုဝင်ဘာ ‌၁၇ ရက် မနက်ပိုင်းက အမျိုးသားရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပြီး မင်္ဂလာတောင်ညွန့် လူငယ် လူမှုကူညီရေးအသင်းနဲ့ တခြားအသင်းတွေက ဆယ်ယူခဲ့ကာ ရန်ကုန်ဆေးရုံကြီးကို ပိုဆောင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းက ပြောပါတယ်။

အဲဒီရုပ်အလောင်းကို စစ်ဆေးခဲ့ရာမှာတော့ ပျောက်ဆုံးနေတာ နှစ်လနီးပါးကြာပြီဖြစ်တဲ့ တာမွေမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ကိုရင်ချစ်ရင်ထူး ဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြုခဲ့ကြပါတယ်။

သေဆုံးသူဟာ ကန်တော်ကြီးတံတားပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ ညပိုင်း ငါးဖမ်းလေ့ရှိပြီး မပျောက်ဆုံးခင် စက်တင်ဘာလ ၂၂ ရက် ညပိုင်းက ဇနီးဖြစ်သူနဲ့ စကားများလို့ နေအိမ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ပျောက်ဆုံးသွားတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးသွားကတည်းက သေဆုံးသူရဲ့ ဇနီးဖြစ်သူက လူမှုကူညီရေးအသင်းတွေကို အကူအညီတောင်းခဲ့တယ်လို့သိရပြီး သေဆုံးသူက မိသားစုဝင်တစ်ဦးကို ပူးကပ်ပြီး ပြန်လည် ရှာယူခိုင်းခဲ့ရာမှာတော့ အခုလို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဗဟန်းမြို့မရဲစခန်းကိုဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024