DVB Logo
Home
မြန်မာသတင်း
ရွှေလယ်ကျွန်း LPDF အဖွဲ့ မောင်းပြန်ဝယ်ရန် ကျပ်သိန်း ၂၀၀ ကမ်ပိန်း ပြုလုပ်
DVB
·
November 18, 2022
ရွှေလယ်ကျွန်း LPDF အဖွဲ့ မောင်းပြန်ဝယ်ရန် ကျပ်သိန်း ၂၀၀ ကမ်ပိန်း ပြုလုပ်
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအခြေစိုက် ရွှေလယ်ကျွန်း LPDF အဖွဲ့အတွက် မောင်းပြန်သေနတ် လိုအပ်နေတာကြောင့် နိုဝင်ဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ကျပ်သိန်း ၂၀၀ ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

၂၀၂၁ ခု၊ အောက်တိုဘာ ၁၀ ရက်က စတင်ဖွဲ့စည်းခဲ့တဲ့ ရွှေလယ်ကျွန်း LPDF အဖွဲ့မှာ ဒီနေ့အထိ မောင်းပြန်သေနတ် နှစ်လက်သာ ရှိသေးတယ်လို့ အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“မောင်းပြန်တလက် ၅၀ လောက်ကတည်းက မောင်းပြန်တချို့ကို မှာခဲ့ပါတယ်။ ဒါပေမဲ့ အဖမ်းခံရတာရော လိမ်သွားတာတွေရော၊ တော်လှန်ရေး အမြတ်ထုတ်သူတွေရောကြောင့် တလက်မှ ရောက်မလာခဲ့ဘူး။ အခုဆို မောင်းပြန်တလက်ကို သိန်း ၂၀၀ မကတော့ဘူး။”

လက်နက်ဝယ်ဖို့ ငွေစုဆောင်းခဲ့ပေမဲ့ တခြားကဏ္ဍတွေမှာ သုံးစွဲရတဲ့အပြင် လက်နက်စျေးတွေ တက်လာခဲ့တာကြောင့် မောင်းပြန်သေနတ်ရရှိဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

ရွှေလယ်ကျွန်း LPDF တပ်ဖွဲ့မှာ မောင်းပြန်သေနတ် မလုံလောက်တာကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အခါမှာ အခက်အခဲတွေ ရင်ဆိုင်ရတယ်လို့ ပြောပါတယ်။

“အဓိကကတော့ ရဲဘော်တွေ စိတ်ဓာတ်ကျတာပါ။ ဒီဘက်နယ် ပြောက်ကျားစစ်ဆင်ရေးတွေမှာဆိုရင် တထောင့်ထိုး လက်လုပ်တွေ၊ ခါးချိုးကိုးလုံးတွေက အသုံးမဝင်တော့ဘူး။ မောင်းပြန်သီးသန့်ပဲ တိုက်ပွဲဖော်ဆောင်ရမယ်ဆိုတော့ နှစ်လက်ပဲ ရှိတော့ နှစ်ယောက်စီပဲ မဟာမိတ်တွေနဲ့ ရှေ့တန်းလှည့်ထွက်ရတာပေါ့။ နောက်တန်းကျန်တဲ့ ရဲဘော်တွေက မလိုက်ရတော့ အတော်စိတ်ဓာတ်ကျကြတာပေါ့။”

ဒေသခံပြည်သူတွေက စားဝတ်နေရေးအတွက် အစစအရာရာ ကူညီပေးတာကြောင့် စားဝတ်နေရေး မခက်ခဲပေမဲ့ လက်နက်ခဲယမ်းရရှိဖို့ အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က နိုဝင်ဘာလအတွင်းမှာ ရေလယ်ကျွန်းဒေသကို လေယာဥ်နဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုး ရွာမီးရှို့တာကြောင့် ကျေးရွာ ၄ ရွာ မီးရှို့ခံထားရတဲ့အတွက် မောင်းပြန်ရရှိဖို့ ကမ်ပိန်းမှာ ပြည်သူတွေအနေနဲ့ ငွေကျပ် ၅၀၀၊ ၁,၀၀၀ ကစတင်ပြီး ပါဝင်နိုင်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013