DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် တခြားလူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာဆုံးဖြတ်ကို ကုလ အတည်ပြု၊ NUG ထောက်ခံကြိုဆို 
DVB
·
November 18, 2022
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် တခြားလူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာဆုံးဖြတ်ကို ကုလ အတည်ပြု၊ NUG ထောက်ခံကြိုဆို 
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ အနိုင်ကျင့်ကျူးလွန်မှုတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အပါအဝင် တခြားဆုံးဖြတ်ချက်မူကြမ်း ၆ ခုကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။ 

နိုဝင်ဘာ ၁၇ ရက်က ကျင်းပတဲ့  (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယကော်မတီအစည်းအဝေးမှာ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစု များ၏ လူ့အခွင့်အရေးအခြေအနေ” ဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို မဲမခွဲဘဲ အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ တူညီဆန္ဒနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ဘုံသဘောတူညီချက်နဲ့ အတည်ပြုခဲ့တာဖြစ်ပြီး  ရိုဟင်ဂျာတွေ ဘေးဒုက္ခရောက်အောင်ဆောင်ရွက်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအားလုံးကို ဒီဆုံးဖြတ်ချက်အရ  ရှုတ်ချပြစ်တင်ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေအားလုံး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုမှာဖြစ်သလို ဘေးသင့်ခဲ့တဲ့ အနိုင်ကျင့်ခံခဲ့ရသူတွေအတွက် တရားမျှတမှုရရှိရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်ပြီး တာဝန်မခံရဘဲ လွတ်မြောက်နေတာအဆုံးရေးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကြိုဆိုကြောင်းနဲ့ အဆိုပါ အဆိုမူကြမ်းအား အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ) အဖွဲ့ဝင်နိုင်ငံအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

NUG အနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး  ၂၀၂၁ ခုနှစ်၊ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ မူဝါဒရေးရာ ရပ်တည်ချက်ပါ ကတိကဝတ်တွေကို မြန်မာနိုင်ငံအနေနဲ့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အပြင် အခုအတည်ပြုခဲ့တဲ့အဆိုမူကြမ်းမှာပါဝင်တဲ့ အကြံပြုချက်တွေကိုလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်လက် ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အဆိုမူကြမ်းမှာ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် တာဝန်ခံမှုရှိစေဖို့ တောင်းဆိုရာမှာ အားနည်းနေသလို စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ပစ်မှတ်ထား ဖြေရှင်းပေးနိုင်မယ့် လက်နက်တင်ပို့ရောင်းချခြင်းအား ဖျက်သိမ်း စေနိုင်မယ့်အစီအစဉ်ကိုလည်း တောင်းဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို ပြည့်ပြည့်ဝဝ ဖြေရှင်းပေးနိုင်မယ့် တခြားသော အဆိုမူကြမ်းတစ်ခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အားဖြည့်ပံ့ပိုးပေးဖို့လည်း NUG ကအကြံပြုတိုက်တွန်းထားပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာတက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားခဲ့ရာမှာ  ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေအပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ပေးဖို့၊ ၎င်းတို့ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေကို ဖယ်ရှားပေးနိုင်ဖို့နဲ့  ဒီလို့ ဆိုးရွားသည့်အခြေအနေ ထပ်မံမဖြစ်ပွားစေဖို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအား ကျူးလွန်နေတဲ့ စစ်တပ်ကို အမြန်ဆုံးအပြစ်ပေးအရေးယူကာ တာဝန်ခံစေခြင်းကသာ အထိရောက်ဆုံးနဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဓိကကျတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်း မရှိသကဲ့သို့ ဒီပြဿနာ အဓိကဖြစ်ပေါ်စေတဲ့ ပြစ်မှုကျူးလွန်သူ စစ်တပ်ကို ပြစ်ဒဏ်မချမှတ်နိုင်ပါက ရိုဟင်ဂျာအပါအဝင် အားလုံးသော မြန်မာပြည်သူတွေရဲ့ အခွင့်အရေးအကာအကွယ်ပေးရေး အင်အားစိုက်ထုတ်မှုတွေဟာ အချည်းအနှီးသာ ဖြစ်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အဲဒီဆုံးဖြတ်ချက်ကို တတိယကော်မတီက အတည်ပြုခဲ့တဲ့အပေါ် ယူကေနိုင်ငံက ထောက်ခံကြောင်းနဲ့ ဒီအကြောင်းအရာကို ဆွေးနွေးဖြစ်အောင် တင်ပြလာခဲ့တဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ ဥရောပသမဂ္ဂတို့ကို ကျေးဇူးတင်ကြောင်း ယူကေ ကိုယ်စားလှယ်က အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံသားတွေ ဘေးဒုက္ခအမျိုးမျိုးခံစားနေရပြီး မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခအမျိုးမျိုးကြုံတွေ့ခံစားနေရတယ်လို့ သူကပြောပါတယ်။

အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသား လူနည်းစုတွေ တနေ့တခြားပိုမိုကာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို သိသာပေါ်လွင်စေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေ၊ ရွာတွေကိုမီးရှို့ဖျက်ဆီးမှုတွေ၊ အဖြူအမဲမခွဲခြားဘဲ လေကြောင်းကနေ တွေ့သမျှ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လူအမြောက်အမြားကို သတ်ဖြတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ယူကေ က ပြင်ပြင်းထန်ထန်ဆန့်ကျင် ရှုတ်ချတယ်လို့လည်းပြောပါတယ်။

အကာအကွယ်မဲ့ လူနည်းစု အရပ်သားတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်တာနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေဟာ ပိုလို့တောင် စက်ဆုပ်ရွံ့ရှာစရာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ ၆ သိန်းကျော်ဆက်လက်ရှိနေပြီး သူတို့ကို လူရာမသွင်း ခွဲခြားမှုတွေရှိနေပါတယ်။ သူတို့ဟာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလည်းမရရှိသလို ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရရှိကြပါဘူး။ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ အားလုံးကို ချက်ချင်းရပ်တန့်ရမယ်လို့ သူကပြောပါတယ်။

မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရေးကို ယူကေက ချမှတ်ခဲ့ပြီးဖြစ်သလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကပါ မြန်မာစစ်အာဏာရှင်တွေဆီ လက်နက်တင်ပို့ရောင်းချမှု ရပ်တန့်ဖို့ အလေးအနက် တိုက်တွန်းကြောင်း ယူကေကတိုက်တွန်း ပြောပါတယ်။

မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ တောင်းဆိုတယ်လို့ ယူကေ ကိုယ်စားလှယ်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Photo- Myanmar UN Mission

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013