
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့မှာ နိုဝင်ဘာ ၁၇ ရက် ဒီနေ့မနက် အစောပိုင်းက စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ ကိုးကန့် MNDAA တို့အကြား ၁ နာရီကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး မြို့ထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အိမ်နှစ်အိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “ဒီမနက်အစောပိုင်း တာမိုးညဲမှာ ၂ နာရီခွဲလောက်ကစ တိုက်ပွဲ တော်တော်ပြင်းတယ်။ ၃ နာရီကျော်လောက်အထိ အဆက်မပြတ် မရပ်မနား ဖြစ်သွားတယ်” လို့ ပြောပါတယ်။
စစ်တပ်ထဲမှာလည်း ပြင်းပြင်းထန်ထန် အပြန်အလှန် ပစ်ခတ်နေသံတွေ ၁ နာရီလောက် ကြားရပြီး လက်နက်ကြီးပစ်ကူသံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။
ကိုးကန့် MNDAA အဖွဲ့က တာမိုးညဲက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို လာရောက်ပစ်ခတ်ခဲ့ရာက တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံ အမျိုးသားတဦးက ရှင်းပြပါတယ်။
“ယန်လူရှောင်ဝ်ကြန်းကနေ လာပစ်တာ၊ ကိုးကန့်တွေ။ တာမိုးညဲ ပြည်သူ့စစ်တပ်ထဲကိုလည်း ပစ်ထည့်တယ်တဲ့။ စစ်တပ်မှာလည်း ပစ်ထည့်တယ်။ အဲဒီ ပြည်သူ့စစ်တပ်ထဲလည်း ပစ်ထည့်တယ်။”
တိုက်ပွဲဖြစ်ပွားချိန် မြို့ပေါ်ရပ်ကွက်ထဲက လူနေအိမ် ၂ အိမ်ရဲ့ ခြံဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပျက်စီးတာတွေ ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ နောက်တဦးက “ဒီမနက် တာမိုးညဲမှာဖြစ်တာ တရုတ်သူဌေးအိမ်တအိမ် ထိသွားတယ်။ ခေါင်မိုးတောင် ပွင့်ထွက်သွားတယ်။ ကားလည်းထိသွားပြီးတော့ အိမ် ၂ အိမ် ထိတယ်။ အောက်ကအိမ်တအိမ်က ဝက်ခြံအကုန်လုံး၊ ဝက်လည်းထိသွားတယ်” လို့ ပြောပါတယ်။
ဒေသခံတွေက တိုက်ပွဲဆက်လက်ဖြစ်ပွားလာမှာ စိုးရိမ်နေပြီး လက်နက်ကြီးတွေ လူနေအိမ်တွေမှာ ကျရောက်ပေါက်ကွဲကာ ထိခိုက်မှုတွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ည ၈ နာရီခွဲကျော်လောက်ကလည်း ကွတ်ခိုင်မြို့ရှိ ကချင် နှစ်ခြင်းခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းဝင်းထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသား ၄ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။
အခုနှစ်အတွင်း ကွတ်ခိုင်မြို့နယ်ထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ပြည်သူတွေရှိသလို ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ နဲ့ MNDAA၊ TNLA၊ KIA၊ PDF တို့ အဓိက သွားလာလှုပ်ရှားရာနယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။