DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကောလင်းတွင် စစ်တပ်က ရွာမီးရှို့သဖြင့် ဒေသခံ ၄,၅၀၀ ခန့် စစ်ဘေးရှောင်
DVB
·
November 17, 2022
ကလေးမြို့နယ်၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကောလင်းတွင် စစ်တပ်က ရွာမီးရှို့သဖြင့် ဒေသခံ ၄,၅၀၀ ခန့် စစ်ဘေးရှောင်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့‌နယ်၊ မြောက်စည်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁၆ ရက်  နေ့လယ်ပိုင်းက ပြောက်ကျားစနစ်နဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအဆင့် အပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ VaKok - CNDF ထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေဟာ မြောက်စည်းကျေးရွာအတွင်း ဘိလိယက်ထိုးနေချိန် အလစ်အငိုက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေနတ် ၂ လက် အပါအဝင် တခြားပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

VaKok - CNDF တာဝန်ရှိသူတဦးက “သူတို့ အလစ်အငိုက်ကိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ရန်သူဘက်က အရာရှိအဆင့်နဲ့ တခြားအဆင့်တပ်ဖွဲ့ဝင်တယောက် သေတယ်။ သူတို့အဖွဲ့တွေဘက်က တပ်ကူမရောက်လာခင်မှာ နောက်ပြန်ဆုတ်ခဲ့တာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံက MA-5 သေနတ်အတိုတလက်၊ ခြောက်လုံးပြူး အတိုတလက်၊ လက်ပစ်ဗုံးနှစ်လုံး၊ ဖုန်းနဲ့ Power Bank၊ ဆိုင်ကယ်တစင်း၊ ငွေကျပ် ၃ သိန်းကျော်နဲ့ မှတ်ပုံတင်တို့ကို Vakok - CNDF က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးအခြေအနေ တင်းမာနေပြီး နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ပြည်သူတွေအနေဖြင့် ကလေး-တမူးလမ်း (အာရှလမ်းမကြီး) ကို တပတ်ကြာ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့လည်း ကလေး PDF က သတိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာ ၁၆ ရက်အထိ ကျေးရွာ ၁၉ ရွာက လူနေအိမ် ၁၈၀၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Kawlin Revolution- KR က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်က ကောလင်းမြို့ကို အင်အား ၇၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၇ ရွာက ရွာသူရွာသား ၄,၅၀၀ ကျော်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ဘေးလွတ်ရာ ပို့ဆောင်ပေးနေရတယ်လို့ Kawlin Revolution-KR အဖွဲ့က ပြောပါတယ်။

KR အဖွဲ့ တာဝန်ရှိသူတဦးက “စစ်ရှောင်ရွာ ၇ ရွာရှိပြီး စစ်ဘေးရှောင် ၄,၅၀၀ ခန့်ရှိတယ်။ ပျော်လွန်းလို့ ကားတစီးကို ကျပ်ကျပ်တည်းတည်း ဇွတ်တက်စီးနေကြတာ မဟုတ်ပါဘူး၊ စစ်ဘေးရှောင်ရတာပါ” လို့ ပြောပါတယ်။

တော်လှန်ရေးအဖွဲ့ဝင်တဦးကလည်း “အိမ်တွေ မီးရှို့ဖျက်ဆီးခံရသလို လူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ရှိတယ်ဗျ။ လူဦးရေစာရင်းကတော့ အတိအကျ ကောက်လို့ မရသေးဘူး။ အဖမ်းခံရပြီး သတင်းအစအန မရတာတွေလည်းရှိတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ ကျော်ဟာ ကောလင်းမြို့ တောင်မော်တိုက်နယ် ညောင်ကိုင်းတောင်ရိုးမှာရှိနေပြီး အချိန်မရွေး စစ်ပွဲဖြစ်လာနိုင်လို့ ပြည်သူတွေကို ကောလင်းတော်လှန်ရေးအင်အားစု‌တွေက ဘေးကင်းရာ ရွှေ့ပြောင်းပေးထားရတယ်လို့ ဆိုပါတယ်။

ကောလင်းမြို့နယ်အတွင်းက မီးလောင်ကျွမ်းသွားတဲ့ရွာတွေကတော့ ဖလဲရှာရွာ၊ ပုဇင်းတာရွာ၊ နှောခုံရွာ၊ ကန်လည်ကြီးရွာ၊ သဲကောရွာ၊ အောင်သီရိရပ်ကွက်၊ သက္ကယ်ချင်းရွာ၊ ပန်းတင်ရွာ၊ ဖန်းခါးခုံရွာ၊ မူးတိမ်ရွာ၊ အောင်ချမ်းသာရွာက လူနေအိမ်နဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ မြောင်းကြီးရွာ၊ အလယ်ကုန်းရွာ၊ တုံးတင်ထပ်ရွာ၊ ဇီးဖြူကုန်းရွာ၊ တောင်ဘို့လှရွာ၊ ချောင်းကွေ့ရွာ၊ ကပ်ဖလူးရွာတို့ဖြစ်တယ်လို့ Kawlin Revolution-KR အဖွဲ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013