ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်ကတည်းက စစ်ကောင်စီတပ်တွေ ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်ပြီးနောက်ပိုင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာ တင်ထားကြတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ မြို့ပေါ် ၄ ရပ်ကွက် အပါအဝင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၉၆ အုပ်စုရှိပြီး နိုဝင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး မိမိသဘောဆန္ဒအလျောက် နုတ်ထွက်စာ တင်ကြမှာဖြစ်ပြီး တချို့ကျေးရွာတွေကတော့ နုတ်ထွက်စာတင်ထားပြီးပြီလို့ ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာတရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က စစ်ကောင်စီဘက်ကိုလည်း ကြောက်ရသလို ရက္ခိုင့်တပ်တော် (အေအေ) ကိုလည်း ကြောက်ရတာကြောင့် ကြားညပ်နေပြီး ဘာအာမခံချက်မှလည်း မရှိဘူး။ မြို့ပေါ်ကို အစည်းအဝေး ခေါ်ယူရင်လည်း လမ်းကြောင်းတွေ ပိတ်ဆို့ထားလို့ သွားရောက်ဖို့ မလွယ်ကူတော့ဘူး။ ရွာနားတဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားရင်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရတာတွေရှိတော့ ဆက်လက် တာဝန်မထမ်းဆောင်နိုင်တော့လို့ နုတ်ထွက်စာ တင်ကြတာ။”
အောင်ဖြူပြင်ကျေးရွာ၊ ဘုရားကြီးရွာ၊ ယိုးငူ၊ ကံဦး၊ ဘဲခိုးကြိမ်ချောင်း၊ ခမီကြိမ်ချောင်း၊ ပဲစီးနန်း၊ ထောင်လောင်ပွန်းနဲ့ ဖောင်ဆိပ်ကျေးရွာ အုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေကတော့ နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက နုတ်ထွက်စာ တင်ထားပြီးပြီလို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်နေလို့ အပြစ်မဲ့ပြည်သူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားလို့ ဒေသခံ စစ်ဘေးရှောင် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။