DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွှေဈေး တကျပ်သားကို ရောင်းဈေး ကျပ် ၂၆၈၀၀၀၀ ထိမြင့်တက်
DVB
·
November 17, 2022
မြန်မာ့ရွှေဈေး တကျပ်သားကို ရောင်းဈေး ကျပ် ၂၆၈၀၀၀၀ ထိမြင့်တက်
Donate to DVB

ကမ္ဘာ့ရွှေဈေးက အခုအောက်တိုဘာလအတွင်းမှာ ဈေးအတက်အကျ အပြောင်းအလဲတွေ မြန်ဆန်ခဲ့တာကြောင့် ပြည်တွင်း အကယ်ဒမီ (မီးလင်း)အခေါက်ရွှေဈေးကလည်း လိုက်ပါပြောင်းလဲခဲ့ပေမယ့် အတက်အကျ မကြမ်းဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်ရွှေဈေးကွက်မှာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် အရောင်းအဝယ်ဖြစ်နေတဲ့ ရွှေဈေးနှုန်းက အကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သားကို ဝယ်ဈေး ကျပ် ၂၆၇၅၀၀၀  နဲ့ ရောင်းဈေး ကျပ် ၂၆၈၀၀၀၀ ရှိပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာ ၁ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၆၄၅ ဒေါ်လာ ရှိခဲ့ပေမယ့် နိုဝင်ဘာ ၁၅ ရက်မှာတော့ ၁၇၈၃ ဒေါ်လာအထိ ရှိလာတဲ့အတွက် ရက်သတ္တပတ် နှစ်ပတ်အကြာမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၃၈ ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။

အလားတူ ပြည်တွင်းအကယ်ဒမီ(မီးလင်း)အခေါက်ရွှေဈေးကလည်း နိုဝင်ဘာ ၁ ရက်က တကျပ်သားကို ၂၆၄၅၀၀၀ ကျပ် ရှိခဲ့ပေမယ့် နိုဝင်ဘာ ၁၅ ရက်မှာတော့ တကျပ်သားကို ၂၆၈၀၀၀၀ ကျပ်ရှိလာပါတယ်။ ဒါကြောင့် ရက်သတ္တပတ် ၂ ပတ်အကြာမှာ ပြည်တွင်းရွှေဈေးက တကျပ်သားကို ကျပ် ၃၅၀၀၀ မြင့်တက်သွားပေမယ့် အတက်အကျ မကြမ်းဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရန်ကုန်အခြေစိုက် ရွှေဆိုင်ပိုင်ရှင်တဦးက “လက်ရှိ ပြည်တွင်းရွှေဈေးကွက်အခြေအနေက အပြောင်းအလဲ သိပ်မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာ့ဈေးတက်သွားလို့ ပြည်တွင်းဈေးလည်း နည်းနည်းတက်သွားခဲ့ရတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေလဲနှုန်းက ငြိမ်တဲ့အတွက် ရွှေဈေး အတက်အကျ မကြမ်းတာ ဒီအချက်လည်း ပါတယ်။ ပြီးတော့ နောက်တချက်က ဒီအချိန်ဟာ ရွှေဈေး တက်လေ့တက်ထရှိတဲ့ ရာသီတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုအချိန်က လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာ၊ နယ်မြေအေးချမ်းတဲ့ နေရာတွေမှာ ရှိတဲ့ မိုင်းတွင်းတွေဆီက ရွှေက ဈေးကွက်ထဲကို နေ့စဉ်အဝင်ရှိတယ်။ ဝင်လာတဲ့ဟာကိုလည်း ပန်းထိမ်နဲ့ ရွှေဆိုင်တွေက ဝယ်ပြီးတော့ အထည်ပြန်ခတ်တာဆိုတော့ သူ့ဟာနဲ့သူ လည်ပတ်နေကြတာ။ ဆိုတော့ အန်ကယ်တို့ အမြင်ကတော့ ဒီရက်ပိုင်းတွေမှာ ဈေးတန်းက ငြိမ်နေမယ် အပြောင်းအလဲလည်း သိပ်ပြီး မရှိနိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဈေးကွက်အတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေက ရွှေဈေးနှုန်းဟာ ငြိမ်နေတဲ့အပြင် ရောင်းသူနဲ့ ဝယ်သူ အကြားမှာလည်း မျှခြေရှိနေတာကြောင့် ကောင်းမွန်တဲ့အနေအထား တခုလို ရှိနေတာပါ။

လုပ်သက်ရင့်ရွှေကုန်သည်တဦးက “ရောင်းလိုအား ဝယ်လိုအားက မျှနေတယ်လို့ ပြောရမှာပေါ့။ အရောင်းအဝယ်က ပါးတယ်လို့တော့ မရှိဘူး။ ဆိုလိုတာက ရောင်းအားက တအားများလာလို့ရှိရင် ရွှေဈေးက ကျသွားမယ်။ ဝယ်လိုအားက တအားများသွားလို့ရှိရင် ရွှေဈေးက တက်သွားမှာမယ်။ အခုက ရောင်းလိုအားနဲ့ ဝယ်လိုအားက မျှနေတာ။ တခါတလေ ပစ္စည်းက မဝင်ဘူး၊ ဝယ်တဲ့သူကလည်း မရှိဘူးဆိုရင် ပစ္စည်းဈေးက မတက်ဘူး။ တခါ ပစ္စည်းတွေက တအားဝင်လာတယ်၊ ဝယ်တဲ့သူက မရှိဘူးဆိုရင် ဈေးက ကျသွားမယ်။ အခုက ဝယ်လိုအားနဲ့ ရောင်းလိုအားက အသင့်တင့်ပဲဆိုတော့ ရွှေဈေးက ငြိမ်တာပေါ့။ ဈေးငြိမ်တဲ့အတွက် အရောင်းအဝယ်လုပ်ရတဲ့နေရာမှာ ကောင်းတယ်။ ဈေးတအားကြီး တက်သွားတာ ဒါမှမဟုတ် ဈေးတအားကြီး ကျသွားတာဆိုရင် အရောင်းအဝယ်တွေလုပ်ရတာ ကမောက်ကမ ဖြစ်ရတယ်။ ဥပမာ တကျပ်သားကို ကျပ် ၅ သောင်း၊ ၁ သိန်း လောက် မြတ်ရင်လဲမြတ်မယ်။ ထိုနည်းတူစွာ ရှုံးရင်လဲ ရှုံးသွားနိုင်တယ်။ ဒါပေမဲ့ အဲ့လိုဈေးငြိမ်တဲ့ပုံစံကိုပဲ ကုန်သည်တွေက ကြိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၆၂ ဒေါ်လာ ရှိပါတယ်။ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းက ပြင်ပဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို  ၂၉၅၀ နဲ့ ၃၀၀၀ ကျပ် အကြားမှာ အရောင်းအဝယ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013