
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေမှာရှိတဲ့ ရွှေကျင်မြို့စွန်က ရှမ်းရွာနဲ့ ကွက်သစ်ဘက်က ဒေသခံတွေကို ရွှေ့ပြောင်းပေးဖို့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လိုက်လံသတိပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘောကထာ၊ သံဆိပ်၊ တုံးတံတား တိုက်ပွဲအပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ စီစဥ်နေတာကြောင့် စစ်ကြောင်းထိုးတဲ့အချိန် ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုပြီး ယာယီရွှေ့ပြောင်းထားပေးကြဖို့ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံပြောဆိုခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကတည်းက စစ်ကြောင်းထိုးရင် မလွတ်ဘူးလို့ဆိုကာ လိုက်လံ အသိပေးနေတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ရွှေ့ပြောင်းဖို့မလွယ်သလို တခြားမှာလည်း နေထိုင်ဖို့ မရှိတာကြောင့် အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွှေကျင်မြို့ပေါ်ရပ်ကွက်တွေမှာလည်း လမ်းပေါ်မှာ ညအိပ်ရပ်နားထားတဲ့ ကားတွေကို တခြား လွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းထားဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ချောဆွဲရင် တာဝန်မယူနိုင်ဘူးလို့လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက နီးစပ်ရာတွေကို လိုက်လံအသိပေးနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီဘက်က ရွှေ့ခိုင်းတဲ့ ရပ်ကွက် ၂ ခုမှာ ဒေသခံပြည်သူ ၂,၀၀၀ ကျော် နေထိုင်တဲ့ ရပ်ကွက်တွေဖြစ်ပြီး လက်ရှိအချိန်ထိတော့ ဖိအားပေး ရွှေ့ပြောင်းခိုင်းတာမျိုးတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ရွှေကျင်ဘက်ကနေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တွေရှိရာနေရာကို စစ်ကြောင်းထိုးဖို့ စစ်ကောင်စီဘက်က စစ်သားတွေ စုဖွဲ့ပြင်ဆင်နေပြီး တင့်ကားတွေ အပါအဝင် အမြောက်ကားတွေလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
သံဆိပ်၊ ဘောကထာ၊ တုံးတံတား တိုက်ပွဲတုန်းက ထွက်ပြေးခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူ အများစုက ရွှေကျင်မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေ၊ ကျွန်းတောဘက်ခြမ်းနဲ့ တခြားကျေးရွာတွေဘက်မှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။