Home
မြန်မာသတင်း
မောင်တော ဂြိတ်ချောင်းရွာသားများအား စစ်တပ်က ခြိမ်းခြောက်ပြီး လိမ်လည်ထွက်ဆိုခိုင်း
DVB
·
November 17, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း မြိုရွာမှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီက စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ ရွာသား ၁၁ ဦး သေဆုံးကာ အယောက် ၅၀ လောက် ဒဏ်ရာရခဲ့တဲ့အတွက် စစ်ကောင်စီက ရွာသူရွာသားတွေကို ငွေပေးခြိမ်းခြောက် အင်တာဗျူး လုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ မျက်မြင် ကြိမ်ချောင်းဒေသခံတဦးက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

“ဒဏ်ရာရတဲ့လူနာတွေ အစုလိုက်အပြုံလိုက် ကြိမ်ချောင်းဆေးရုံကို ရောက်လာကတည်းက ကြိမ်ချောင်း ၂၄ ဂိတ် စစ်ဗျူဟာက စစ်ကြောင်း ဂြိတ်ချောင်း​ကျေးရွာကို တက်သွားတာ။ စုံစမ်းကြည့်လိုက်တော့ ရွာသူရွာသားတွေကို ငွေပေးပြီး စည်းရုံးတယ်။ စည်းရုံးမရတော့ ခြိမ်းခြောက်ပြီး သူတို့လိုချင်တဲ့အတိုင်း အင်တာဗျူးတွေ ဖြေခိုင်းနေတယ်လို့ သိရတယ်။”

နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီက မွေးကင်းစကလေးငယ်တဦး ကင်ပွန်းတပ်အမည်ပေး မွေးနေ့ပွဲကို တရွာလုံးနီးပါး ရောက်နေကြတဲ့အချိန်မှာ ကြိမ်ချောင်း ၂၄ ဗျူဟာက ပစ်တဲ့ လက်နက်ကြီး ၃ လုံးအနက် ပွဲအလယ်တည့်တည့်ကို ၁ လုံးကျရောက်ပြီး အနီးနေအိမ်တွေကို ၂ လုံး ကျရောက်ပေါက်ကွဲတာကြောင့် ၁၀ ဦးသေဆုံးကာ အယောက် ၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကို ရက္ခိုင့်တပ်တော် (အေအေ) က ပစ်ခတ်တာဖြစ်ကြောင်း ဒါမှမဟုတ် ဘယ်အဖွဲ့ကပစ်တာကို မသိရှိကြောင်း ရွာသားတွေကို အင်တာဗျူးဖြေခိုင်းတာ ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

“အဖြေက ရှင်းနေတာပဲလေဗျာ။ သူတို့ပစ်တာကို ဟိုဘက်ကပစ်တယ်လို့ ပြောခိုင်းမယ်။ မဟုတ်ရင် ဘယ်ဘက်ကပစ်တာ မသိကြောင်း ပြောခိုင်းမယ်။ ဒါပဲရှိတာလေ။”

မောင်တောမြို့နယ် ရန်အောင်ပြင်ကျေးရွာအနီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့သလို နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၇ နဲ့ ကြိမ်ချောင်း ၂၄ ဗျူဟာစခန်းတွေကလည်း နေ့စဥ်ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024