
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် လိုက်ပါလာတဲ့ စစ်ကား ၂ စီးကို နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့ထဲကနေ ရွှေဘို-မန္တလေးလမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကား ၂ စီးကို ဇီးတောကျေးရွာထိပ်မှာ အဝေးထိန်းမိုင်း ၈ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ရွှေဘိုမြို့နယ် (ပကဖ) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“လာတာတော့ ဇီးတောရွာဘက်ကိုလာတာ။ ရွာထိပ်မှာ ကားပေါ်ကနေ သူတို့ဆင်းနေချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်နဲ့အတူ ပျူတွေလည်း လိုက်ပါလာတယ်လို့ သိထားပါတယ်။ ရန်သူဘက်က အထိအခိုက် အသေအပျောက်တွေရှိပေမဲ့ မိုင်းကွဲပြီး ရမ်းသန်း ပစ်ခတ်တာတွေ ရှိနေတော့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဘူး။ ရဲဘော်တွေ အားလုံး လုံခြုံရေးအရ ပြန်ဆုတ်လာခဲ့တာ။”
အဲဒီမိုင်းခွဲတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် (ပကဖ) တိုက်နယ် ၅ အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မိုင်းများပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ၆၀ မမ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဇီးတောကျေးရွာလမ်းဆုံ တံတားမြောက်ဘက်က ဆန်စက်ဝင်းထဲမှာ ယာယီတပ်စွဲထားပြီး ၆၀ မမ လက်နက်ကြီး တပ်ဆင်ထားတယ်လို့ သိရတဲ့အတွက် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူအများအပြားလည်း တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် ဇီးတောနဲ့ ဘုန်းဘွဲ့ ကျေးရွာကြားမှာ စစ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။