DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား ၄ ဦး အပါအဝင် အကျဉ်းသား ၅၇၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး
DVB
·
November 17, 2022
နိုင်ငံခြားသား ၄ ဦး အပါအဝင် အကျဉ်းသား ၅၇၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး
Donate to DVB

နိုင်ငံခြားသား ၄ ယောက်နဲ့  အနုပညာရှင်တွေအပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား  ၅၇၀၀ ကျော်ကို နိုဝင်ဘာလ ၁၇ ရက် မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့  စစ်ကောင်စီက ဒီကနေ့ ကြေညာပါတယ်။

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၅၀၉၈ ဦးနဲ့ အကျဉ်းသူ ၆၇၆ ဦး စုစုပေါင်း ၅၇၇၄ ဦးတို့ကို  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ ၁ အရ ပြန်လွှတ်ပေးလိုက်တာပါ။

ဒီအကျဉ်းသားတွေအနေနဲ့ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ စစ်ကောင်စီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး၊  တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊  ပန်းချီဆရာ ထိန်လင်း၊ လူရွှင်တော် ဟာသ သရုပ်ဆောင် ဆင်မ တို့ ပါဝင်ပါတယ်။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ နိုင်ငံခြားသား ၄ ယောက်ကတော့ ဩစတြေးလျ နိုင်ငံသား  စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ  မစ္စဗစ်ကီဘိုမင်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦး တို့ဖြစ်ပါတယ်။

သူတို့ ၄ ယောက်ကို နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့လည်းကောင်း၊ နိုင်ငံအသီးသီးနဲ့ မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုသောအားဖြင့် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို ထားတဲ့ အနုပညာရှင် ၁၁ ဦးကိုလည်း လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းခွင့်ပြုလိုက်တယ်လို့ သီးခြားထုတ်ပြန်ပါတယ်။

အဆိုပါ အနုပညာရှင် ၁၁ ဦးကတော့ သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်၊ သရုပ်ဆောင် ဖွေးဖွေး၊ မော်ဒယ် ဟေမန်သူသူအောင်၊ ဒါရိုက်တာ မယ်မင်းဘုံ၊ အစီအစဉ်တင်ဆက်သူ ဆုမွန်၊ အဆိုတော် နီနီခင်ဇော်၊ သရုပ်ဆောင် သီဟဖြိုး၊ သရုပ်ဆောင် သဇင်ထူးမြင့်၊  မော်ဒယ် ထက်ထက်ထွန်း ၊ သရုပ်ဆောင် နန်းခင်ဇေယျာနဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၁ နှစ်ခွဲကျော် ဒီနေ့အထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီး ချုပ်နှောင်ခံရသူပေါင်း  ၁၃,၀၁၅ ယောက်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013