Home
မြန်မာသတင်း
ကျင်းစန်းကျော့တွင် တိုက်ပွဲဖြစ်ပွားပြီး လူငယ် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
November 16, 2022
315938693_827958788252116_8849111582520923514_n
315873834_827967031584625_9024679412339710924_n
315705347_827964951584833_8550793032181076836_n
315607485_827964368251558_1470788379459280313_n
315601593_827964074918254_75325939834507791_n

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကုန်သွယ်ရာ နယ်စပ်၊ မူဆယ်မြို့နယ်၊ ကျင်းစန်းကျော့မှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး တဦးသေဆုံးကာ တဦးဒဏ်ရာရခဲ့တယ်လို့ နယ်စပ်ဒေသခံတွေနဲ့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

ကျည်ထိမှန်သေဆုံးသူဟာ ကားလိုက်ပြင်တဲ့ ဝပ်ရှော့လုပ်သား လူငယ်တဦးဖြစ်ပြီး တိုက်ပွဲကြောင့် ကားတချို့လည်း ကျည်ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကုန်သည်တဦးက “ကျင်းစန်းကျော့မှာတော့ အခြေအနေကောင်းတယ်။ ဘုရားကုန်းပေါ်မှာ ဖြစ်သွားတာပါ။ အဲ့မှာ ကားပြင်တဲ့ကောင်လေးက သေသွားတယ်၊ လက်နက်ကြီးကျပြီးတော့။ တယောက်ကတော့ ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

အဲဒီ ကျင်းစန်းကျော့ကနေ ၁၀၅ မိုင်ဘက်အထွက်က ဘုရားကုန်းပေါ်မှာ တခြားလူတွေ မရှိပေမဲ့ မူဆယ်မြို့ပေါ် ဝပ်ရှော့က ကားလိုက်ပြင်ပေးနေတဲ့အချိန် အဲဒီကားဘေးကို လက်နက်ကြီးကျည် လာကျတာလို့ ဆိုပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေဟာ မီးစက်ပေါ်မှာ ထိုင်နေတဲ့ အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် တွေဖြစ်တယ်လို့ မျက်မြင် ကုန်တင်ယဉ်မောင်းတဦးက ပြောပါတယ်။

“ကလေးတွေဆိုတော့ ပစ်ကြခတ်ကြဆိုတော့ ဘယ်ပြေးရမှန်း မသိဘူးလေ။ ဝပ်ရှော့က ဒီ မူဆယ်က။ အဲ့မှာခေါ်လို့ လမ်းမှာ တရုတ်ကားကို သွားပြင်ရတာ။ ကောင်‌လေးတွေက ဗမာကောင်လေးတွေ။”

ဒေသခံ သတင်းရင်းမြစ်တဦးကတော့ မုံးကိုးဗျူဟာကနေ တပ်ချိန်းပြီး ဆင်းလာတဲ့ တပ်မ ၉၉ လက်အောက်ခံ ခလရ ၁၅ အဖွဲ့ရဲ့ ယာဥ်တန်း ဖြတ်တိုက်ခံရတာလို့ ပြောပါတယ်။

“ကျနော်ကြားတာကတော့ ကိုးကန့်နဲ့ စစ်ကောင်စီတွေ။ ဖောင်းဆိုင်၊ မုံးကိုးဘက်က ဆင်းလာတဲ့ စစ်ကောင်စီတွေကို ကိုးကန့် MNDAA တွေ ချလိုက်တာလို့ကြားတယ်။”

တချို့ဒေသခံတွေကတော့ TNLA နဲ့ တိုက်ပွဲဖြစ်ပွားတာလို့ ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ ဘယ်လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတယ်ဆိုတာကို အတည်ပြုလို့ မရသေးပါဘူး။

ကျင်းစန်းကျော့နဲ့ ဝမ်တိန်နယ်စပ် လမ်းကြောကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ အဓိက ကုန်သွယ်စီးဆင်းရာ နယ်စပ်ကုန်သွယ်ရေး‌ဂိတ်ပေါက်ဖြစ်ပြီး လတ်တလော တရုတ်ဘက်ကို ဖရဲ၊ သခွား၊ ဆန်၊ ဆန်ကွဲ၊ ပြောင်းတွေ အဓိကတင်ပို့နေချိန်ဖြစ်ပြီး တရုတ်ဘက်က ကုန်မျိုးစုံကို တင်သွင်းနေတာပါ။

အဲဒီဒေသမှာတော့ စစ်ကောင်စီတပ်၊ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ အများအပြားနဲ့ KIA၊ TNLA၊ MNDAA နဲ့ SSPP/SSA တို့ သွားလာလှုပ်ရှားရာနေရာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024