Home
မြန်မာသတင်း
ဆောမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်တပ်ကမီးရှို့၊ အိမ်ခြေ ၃၀၀ ခန့်ပျက်စီး
DVB
·
November 16, 2022
Saw village fired by SAC
Saw village fired by SAC 2
Saw village fired by SAC 3

မကွေးတိုင်း၊ ဆောမြို့နယ်က ကျေးရွာ ၂ ရွာကို နိုဝင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၃၀၀ လောက် မီးလောင်ကျွမ်းကာ စစ်ကောင်စီတပ်တွေနဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၄ ရက် မနက်ကတည်းက ဝင်ရောက်လာလို့ ရွာသူရွာသားတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး သက်ကြီးရွယ်အိုတွေနဲ့ လေဖြတ်နေသူတွေကိုတော့ ဘုန်းကြီးကျောင်းမှာ ထားခဲ့ရတယ်လို့ လက်ပန်ကျေးရွာ ဒေသခံယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဘုန်းကြီးကျောင်းကိုဝင်ပြီး နိုဝင်ဘာ ၁၅ ရက် မနက် ၁၀ နာရီလောက်မှာ ရွာကို မီးရှို့ဖို့လုပ်ရာ လူကြီးတွေက တောင်းပန်ပေမဲ့ သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့အနက် အိမ် ၂၀၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်တွေ မီးလောင်ကျွမ်းသွားတာကြောင့် နေစရာလည်း မရှိတော့ဘဲ ဘေးရွာတွေနဲ့ တောထဲတွေမှာပဲ ဖြစ်သလို နေနေကြရကာ စောင်တွေ၊ အနွေးထည်တွေ၊ ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒေသခံတယောက်က “ကိုယ့်ပြည်သူပြည်သားတွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ဒီလူတွေဟာ ကမ္ဘာပေါ်မှာတောင် မရှိသင့်ဘူး။ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ သူတို့ထွက်သွားတဲ့ အချိန်မှာ မီးငြှိမ်းသတ်တာတွေ၊ သက်ကြီးရွယ်အိုတွေကို ကားတွေနဲ့ ပြန်ကယ်ထုတ်ပေးတာတွေ ပြုလုပ်ပေးခဲ့ကြတယ်။”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက လက်ပန်ရွာကို နိုဝင်ဘာ ၁၅ ရက် မနက် ၁၁ နာရီခွဲလောက်မှာ စတင်မီးရှို့ပြီး သူတို့ဆီကို လက်ပန်ဆရာတော်နဲ့ ရပ်မိရပ်ဖ ၃ ယောက်ပါသွားလို့ တဖက်လှည့်နဲ့ကယ်ထုတ်ခဲ့ရပါတယ်။

မွန်းလွဲ ၂ နာရီ ၄၀ မိနစ်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ အချိန် ၂ နာရီလောက် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ကျောက်ထု-PDF (YRPA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ပြောပါတယ်။

“အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ပဆုတ်ကျေးရွာဘက်ကို ဆုတ်ပြေးသွားပြီး ရွာပြင်ရောက်မှ မီးကျည်နဲ့ ပစ်ခဲ့တဲ့သဘော ရှိတယ်။ အဲဒီစစ်(...)တွေ မီးရှို့ဖျက်ဆီးခဲ့လို့ ပဆုတ်ကျေးရွာက အိမ်ခြေ ၁၀၀ လောက်နဲ့ လက်ပန်းကျေးရွာက အိမ်ခြေ ၂၀၀ လောက် မီးလောင်ကျွမ်းခဲ့တယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက နောက်ကနေ လိုက်တိုက်တဲ့သူကတိုက်၊ ရွာထဲကို မီးဝင်ငြှိမ်းတဲ့သူကငြှိမ်း လုပ်တော့ သူတို့စစ်ကြောင်းက ခရိုတောင်ဘက်ကို ဆုတ်ခွာသွားတယ်။”

ကျောက်ထုအမြောက်တပ်ထဲက လက်နက်ကြီးပစ်ကူမှာစိုးလို့ လမ်းကြောင်းလွှဲပြီး အမြောက်တပ်ထဲကို တခြားတနေရာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ကျောက်ထုအမြောက်တပ်ထဲက လက်နက်ကြီးနဲ့ပြန်ပစ်လို့ ကန်ကြီးကျေးရွာက မိန်းကလေးတယောက် ဗိုက်နဲ့ တင်ပါးမှာ ထိခိုက်ဒဏ်ရာရခဲ့လို့ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024