တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အစိုးရပိုင် ငါးလုပ်ငန်းဦးစီးဌာနနဲ့ အကျိုးတူပူးပေါင်းကာ ဒေါ်လာ သန်း ၇၀ ရင်းနှီးမြုပ်နှံထားတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးဟာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းချက်ကြောင့် ယိုပေါက်များစွာနဲ့ ဆုံးရှုံးနေရတယ်လို့ ရင်းနှီးမြှုပ်နှံသူ developer တွေက ပြောပါတယ်။
မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်မှာတည်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးဟာ မြန်မာ့ရင်းနှီး မြုပ်နှံမှုကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက်နဲ့ ငါးလုပ်ငန်းဦးစီးဌာန အပါအဝင် တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူ(developer)တွေက အကျိုးတူပူးပေါင်း လုပ်ကိုင်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တာပါ။
စာချုပ်အရ ရှယ်ယာပိုင်ဆိုင်မှုက ငါးလုပ်ငန်းဦးစီးဌာနက ၃၀ ရာခိုင်နှုန်း၊ တိုင်းရင်းသားလုပ်ငန်းရှင်က ၁၀ ရာခိုင်နှုန်းနဲ့ နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူက ၆၀ ရာခိုင်နှုန်း ရှယ်ယာအသီးသီးပိုင်ဆိုင်ကြပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၇၀ ရင်းနှီးမြုပ်နှံထားရှိတဲ့ စီမံကိန်း ဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံသူလုပ်ငန်းရှင်တဦးက “အဓိက ပြဿနာက ဘာလဲဆိုတော့ အစိုးရအဆက်ဆက်က သူတို့ ထမ်းဆောင်ရမယ့်အပိုင်းကို အပြည့်အဝ ထမ်းဆောင်နိုင်မှု မရှိခဲ့လိုပါ။ အဲ့ဒီလိုပျက်ကွက်ခဲ့လို့ မြန်မာ့ငါးဈေးကွက်ဟာ ဆယ်စုနှစ် နှစ်ခုကျော်တဲ့အထိ ထိုင်းဆီရောက်နေခဲ့တာ အခုအချိန်ထိ ဒီဈေးကွက်ကို ပြန်မယူနိုင်သေးဘူး။ အချုပ်ပြောရရင် ငါးလုပ်ငန်းဦးစီးဌာနဖြစ်တဲ့ A ဟာ သူ့တာဝန်သူ ထမ်းဆောင်မယ်ဆိုရင် အမျိုးသာရေးစီမံကိန်းဖြစ်တဲ့ ဒီ ငါးလေလံဈေးက မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ ပြီးတော့ နောက်တချက်က လက်ရှိ ရှိနေတဲ့ ငါးလေလံဈေးကြီးက ဘာကြောင့် အောင်မြင်မှု နည်းနေရတာလဲ။ နောက်ကွယ်က အကြောင်းအရာတွေက ဘာတွေရှိနေလဲ ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေအနေနဲ့ ဖော်ထုတ်စစ်ဆေးဖို့ လိုအပ်သလို ရင်းနှီးမြှုပ်နှံထားတဲ့တွေရဲ့ အသံတွေကိုလည်း နားထောင်ဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် လက်ရှိ အကောင်အထည်ရှိပြီးသား စီမံကိန်းကို အောင်မြင်အောင် မလုပ်ပဲ နောက်ထပ် ငါးလေလံဈေး စီမံကိန်းကို အကောင်အထည်ဖော်ဖို့ တာစူနေတာက စီမံကိန်းမှာ ပါဝင်သူတွေအနေဖြင့် အဂတိနဲ့ ကင်းရှင်းပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
လက်ရှိအကောင်အထည်ဖော်လည်ပတ်နေတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာအဆင့်မီငါးလေလံဈေးမှ အဆင့်မြင့်အရာရှိ တဦး ကလည်း “အစိုးရပိုင် ငါးလုပ်ငန်းဦးစီးဌာနနဲ့ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်နေတဲ့ ငါးလေလံဈေးဟာ အဆောက်အဦးတွေလည်း ရှိထားပြီးသားပါ။ အဲ့ဒီ့ အဆောက်အဦးတွေထဲမှာ one stop service ဆိုပြီး အစိုးရအဖွဲ့လည်း ပါပါတယ်။ ပါတဲ့အတွက် ဒီလေလံဈေးမှာ လာရောင်းလို့ ရှိရင် စာရင်းက အတိအကျ ရှိပါတယ်။ ပြောချင်တာက သူတို့က အခွန်ရှောင်ချင်တဲ့ အတွက် မှန်မှန်ကန်ကန်လုပ်နေတဲ့သူတွေကို မကြိုက်တာပါ။ ဘာကြောင့်လဲဆို ထိုင်းမှာ သွားရောင်းလို့ရှိရင် ပုစွန် ၁ ကီလိုက ၁ ဒေါ်လာ၊ ၂ ဒေါ်လာ မကဘူး။ ပေါက်ဈေးက ၂၉ နဲ့ ၃၀ ကြားမှာရှိတယ်။ ပြီးတော့ အဲ့ပိုက်ဆံတွေက ဒီဘက်ကို ပြန်ဝင်လား ဆိုရင် မလာဘူး။ ဘာလို့လဲဆို သူ့ invoice ထဲမှာ ပြသွားတဲ့ ၁ ဒေါ်လာ၊ ၂ ဒေါ်လာ ပဲ ကိုယ့်နိုင်ငံထဲ ပြန်ဝင်လာ တယ်။ ကျန်တဲ့ ၂၈ ဒေါ်လာက ထိုင်းဘဏ်ထဲမှာ ရှိနေတာ။ ပြီးတော့ ပြန်လာတဲ့အခါ ထိုင်းမှာ သွားရောင်းတဲ့ ဒီလှေတွေက အခွံချည်းပဲ ပြန်လာတာ မဟုတ်ဘူး။ အရင်ကဆိုရင် စားသုံးဆီတွေ သယ်လာတယ်။ ဘိလပ်မြေတွေ သယ်လာတယ်။ အခုတော့ ပိတ်ပင်လိုက်လို့ မသယ်လာတော့ဘူး။ အဲ့တော့ ပြောရရင် ငါးလေလံဈေးကို သူတို့က မလိုချင်တာ မဟုတ်ဘူး။ နိုင်ငံတကာ စံနှုန်းနဲ့အညီ မှန်မှန်ကန်ကန် ဥပဒေနဲ့အညီ စီမံခန့်ခွဲတဲ့သူတွေကို သူတို့က မလိုချင်တာ” လို့ ဒီဗွီဘီကို ပြောပါ တယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက မြိတ်မြို့နယ်ရှိ စန္ဒဝတ်ကျေးရွာအုပ်စုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိတဲ့ နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီး တခု ထပ်မံတည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။
ဒီ့အတွက် စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြစ်နိုင်ခြေ ရှိ မရှိ ဆန်းစစ်မှုတွေ ပြုလုပ်နေပြီး ဒီစီမံကိန်းဟာ အချိန် ၈ နှစ်ခန့် ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။