DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်သုံးယာဉ်တင်သွင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းများ စစ်ကောင်စီ ထုတ်ပြန်
DVB
·
November 16, 2022
လျှပ်စစ်သုံးယာဉ်တင်သွင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းများ စစ်ကောင်စီ ထုတ်ပြန်
Donate to DVB

ပြည်ပကနေ လျှပ်စစ်သုံးလူစီးယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ တင်သွင်းရာမှာ လိုက်နာရမယ့် စည်းမျဉ်းသတ်မှတ်ချက်တွေကို စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက  နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စမ်းသပ်ကာလအတွင်း လျှပ်စစ်သုံးယာဉ်တွေ တင်သွင်းရာမှာ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်စေ၊ ပြည်တွင်း ပြည်ပ ဖက်စပ်ကုမ္ပဏီဖြစ်စေ တင်သွင်းမယ့် ကုမ္ပဏီဟာ အရောင်းပြခန်းဖွင့်လှစ်ခွင့်လက်မှတ် ရရှိထားတာ မရှိသေးဘူးဆိုရင် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီ ဖြစ်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တင်သွင်းမယ့် လျှပ်စစ်သုံးယာဉ်ရဲ့ အမှတ်တံဆိပ် (Brand) တခုစီအတွက် ရောင်းချတဲ့ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ အရောင်းအဝယ် သဘောတူစာချုပ်ကို တင်ပြရမှာဖြစ်ပြီး အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်ကိုလည်း ရရှိထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကော်မတီက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ခွင့်ပြုထားတဲ့  အစီးအရေအတွက် အတိုင်းသာ တင်သွင်းရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကုမ္ပဏီတွေအနေနဲ့ တင်သွင်းမယ့် လျှပ်စစ်သုံးယာဉ်တွေအတွက် လိုအပ်တဲ့ အာမခံမှု၊ အပိုပစ္စည်း (Spare Parts) ရရှိနိုင်မှုနဲ့ သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုတွေကို ဆောင်ရွက်နိုင်တဲ့ အစီအမံ ထားရှိရမယ်လို့လည်း သတ်မှတ်ထားပြီး တင်သွင်းရောင်းချမယ့် ကုမ္ပဏီဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိအမှတ်ပြုထားတဲ့ဘဏ်မှာ မြန်မာငွေ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချခွင့်ရတဲ့ ကုမ္ပဏီဟာ တင်သွင်းလာတဲ့ ယာဉ်တွေကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမယ်လို့လည်း အဲဒီထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီညွှန်ကြားချက်တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အကျုံးဝင်မှာဖြစ်ပြီး ဒီသတ်မှတ်ချက်တွေကို လိုအပ်ရင် ပြန်ပြင်ဆင် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအမိန့်ကြေညာစာကို စစ်ကာင်စီ စီး/ကူးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်ဥပဒေအရ နိုဝင်ဘာ ၁၁ ရက် နေ့စွဲနဲ့ ရေးဆွဲထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ပကတင်သွင်းတဲ့ လျှပ်စစ်သုံးယာဉ် အမျိုးအစားတွေအတွက် အကောက်ခွန်နှုန်းထားတွေကို သုညရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ကြောင်း  ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013