
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူရွာမှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက ကန်စောက်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၃၉ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကျေးရွာသား ၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။
ချောင်းတူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ ခမရ ၅၃၉ က လက်နက်ကြီး ပစ်ခတ်တာကြောင့် ချောင်းတူကျေးရွာက ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးကာ ဒဏ်ရာရရှိသူ ၃ ဦးကိုလည်း ယိုးတရုတ် တိုက်နယ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
“ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲ ခမရ ၅၃၉ က လက်နက်ကြီးနဲ့ ပစ်တာဗျာ။ လက်နက်ကြီးက နေ့လယ် ၁၂ နာရီလောက်မှာ ရွာထဲမှာ ၃ လုံးကျတယ်။ အမျိုးသား ၃ ဦးကတော့ နေရာမှာပဲ သေသွားတယ်။ နောက်ထပ် အမျိုးသားနှစ်ဦးနဲ့ ကိုးတန်းကျောင်းသူတဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ မောင်မောင်ဌေးကတော့ ဒဏ်ရာတော်တော်လေးကို ပြင်းတယ်။ အဲဒီလူနာတွေနဲ့ အလောင်းတွေကိုတော့ ယိုးတရုတ် တိုက်နယ်ဆေးရုံကို အရေးပေါ် ပို့ထားကြရတယ်။”
လက်နက်ကြီးကျည်ထိပြီး သေဆုံးသွားသူ ၃ ဦးမှာ ဦးဦးခင်မောင် (၅၀ နှစ်)၊ ဦးအောင်ကြီးမောင် (၄၈ နှစ်)၊ ဦးဖြူသာထွန်း (၅၀ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူတွေကတော့ ဦးမောင်မောင်ဌေး၊ ဦးဝေသာစိန်နဲ့ ကိုးတန်းကျောင်းသူ မအေးနုရီတို့ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် ခမရ ၅၃၉ တပ်ရင်းက လက်နက်ကြီးကျည် ၁၀ လုံးလောက် ပစ်ခတ်ခဲ့တာကြောင့် ချောင်းတူကျေးရွာသားထောင်ချီ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းကလည်း ကျောက်တော်အခြေစိုက် စကခ ၉ က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွှေပြည်သစ်ကျေးရွာက အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၁၀ ဦးကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ ကျော် ရှိနေပြီဖြစ်ပါတယ်။