DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်၌ ABSDF နှင့် PDF စခန်း ၆ ခုကို စစ်ကောင်စီတပ် သိမ်းပိုက်
DVB
·
November 16, 2022
တမူးမြို့နယ်၌ ABSDF နှင့် PDF စခန်း ၆ ခုကို စစ်ကောင်စီတပ် သိမ်းပိုက်
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တောင်ပိုင်းမှာ အခြေချထားတဲ့ ABSDF နှင့်  PDF စခန်းတွေအပါအဝင် တမူးပြည်သူ့ကာကွယ်ရေး မဟာမိတ်စခန်း ၆ ခု ကို စစ်ကောင်စီတပ်က သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှာ စစ်‌ကောင်စီတပ်သား အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး မိမိတို့ဘက်က လက်နက်အင်အားမမျှတာကြောင့် စခန်းတွေ စွန့်ခွာခဲ့ရတာလို့ ဆိုပါတယ်။

တမူး PDF ရဲ့ တာဝန်ရှိသူတစ်ဦးက  “နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး သူတို့တပ်စွဲရာနေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ကျ‌‌နော်တို့ ပကဖ တပ်ရင်းက ရဲဘော်တစ်ဦး လက်နက်ကြီးမှန်ပြီး ကျဆုံးသွားသေးတယ်။ ၁၅ ရက်နေ့မှာ တနေ့လုံး လက်နက်ကြီးတွေနဲ့ထုပြီး ချဉ်းကပ်လာတာ။ ကျနော်တို့အဖွဲ့တွေနဲ့ တဖြည်းဖြည်းနီးကပ်လာပြီး အနီးကပ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့သေးတယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်တယ်။ ကျနော်တို့ဘက်က စခန်းကို စွန့်လွှတ်ခဲ့ရပေမဲ့ ရဲဘော်အားလုံး ထိခိုက်ကျဆုံးတာတော့ မရှိခဲ့ဘူး”လို့ ပြောပါတယ်။

သိမ်းဆည်းခံလိုက်ရတဲ့ စခန်းတွေကတော့ ABSDF ၊  PDF-Tamu တပ်ရင်း (၄)၊ ပကဖ၊ Burma Student Organization (BSO)၊ FRT၊ CDM Police Fighter တပ်ဖွဲ့တွေရဲ့ စခန်း ၆ ခုဖြစ်ပါတယ်။

BSO မှ ရဲဘော်ကိုအောင်ဖြိုးကြွယ်က “ဘယ်လိုအခက်အခဲ အခြေအနေတွေပဲရှိရှိ နောက်မဆုတ်တမ်း ပြည်သူလူထုအပေါ် သစ္စာစောင့်သိလျက် စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်၊ စခန်းသိမ်းဖြစ်စဥ်ကြောင့် မိဘပြည်သူတွေကို စိတ်မကောင်းဖြစ်အောင် လုပ်မိတဲ့အတွက် အနူးအညွတ် တောင်းပန်အပ်‌ပါတယ်၊ မိဘပြည်သူတွေလည်း စိတ်ဓာတ်မကျကြဖို့နဲ့ ကျနော်တို့ ဆောင်ရွက်နေတဲ့ တော်လှန်ရေးဟာ အောင်ကိုအောင်မှာမို့ ခေတ္တသည်းခံပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ သူ့ရဲ့ လူမှုန်ကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ကျော်နဲ့ နိုဝင်ဘာ ၁၅ ရက်က ညနေ ၄ နာရီက စတင်ကာ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ တမူးဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၅၀၀ ကျော်ကို စစ်ကြောင်း ၄ ကြောင်းခွဲ စစ်ကြောင်းထိုးနေတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တမူးတော်လှန်ရေး အဖွဲ့ဝင်တစ်ဦးက  “အင်အားက အတော်များတယ်။ ဒီကောင်တွေ ဝင်လာကတည်းက လက်နက်ကြီးတွေ ပစ်ဝင်တယ်။ စက်လက်နတ်တွေနဲ့လည်း အဆက်မပြတ်ကို ပစ်တာ။ လက်နက်ချင်း အင်အားချင်း မမျှလို့ တပ်စခန်းအနည်းငယ် နောက်ဆုတ်ပေးလိုက်ရတယ်။ ရဲဘော် ၂ ဦးကတော့ အနည်းငယ် ဒဏ်ရာရထားတယ်။”ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးပြီး စခန်းတွေသိမ်းလာတာကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ နှစ်ဖက် စစ်ရေးအခြေအနေ စတင်တင်းမာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ အခုလို စစ်‌ကြောင်းမထိုးခင် နိုဝင်ဘာ ၁၅ ရက်‌ မနက်ခင်းက တမူးမြို့၊ မြို့မ (၁၃) ရပ်ကွက် နန်းဖာလုံ အ.ထ.က(ခွဲ)ကျောင်းကိုလည်း မီးရှို့ခဲ့သေးတယ်လို့ တမူးဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013