ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ရာအိမ်မှူးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက မွေးမြူရေးလုပ်ငန်းရှင် နှစ်ယောက် အပါအဝင် ဒေသခံ ခြောက်ယောက်ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မျှင်ဝါတောင်ကျေးရွာ ရာအိမ်မှူး မင်းထွဋ်ကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက ရဲစခန်းအနီး အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက“မင်းထွဋ် သေနတ်နဲ့ ပစ်ခံရပြီးနောက် လိုက်ဖမ်းတာ ခြောက်ဦးရှိပြီ။ မွေးမြူရေးလုပ်ငန်းရှင် နှစ်ဦးပါတယ်။ ကျန်တာတွေက လယ်သမားတွေပါ။ ဖမ်းဆီးခံထားရတဲ့သူတွေကိုတော့ မြန်အောင်ရဲစခန်းမှာ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
မင်းထွဋ် သေနတ်နဲ့ ပစ်ခတ်ခံရအပြီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မျှင်ဝါးတောင်ကျေးရွာ သရက်ချောင်းတောအုပ်နဲ့ ဝင်္ကပါကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာစတဲ့ ကျေးရွာတွေရှိ နေအိမ်တွေကို လိုက်လံစစ်ဆေးနေပြီး စစ်ကောင်စီတပ်က မျှင်ဝါးတောင်ကျေးရွာအနီး တပ်စွဲထားတယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာကလည်း ဒေသခံ အမျိုးသမီး နှစ်ယောက်အပါအဝင် အမျိုးသား ငါးယောက်ထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။