Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်ဘေးရှောင်များ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ
DVB
·
November 16, 2022
314952979_1333678907367962_3327058096512349174_n

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အင်းအရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ( ၇ ) က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်က ဖယ်ခုံအင်းအရှေ့ဘက်မှာရှိတဲ့ တောင်ပို့ကြီးကျေးရွာ၊ ငါးမူးကျေးရွာ၊ ဆီမီးလော့ကျေးရွာ၊ လယ်ထွန်ကျေးရွာနဲ့ ဆောင်ကန်းကျေးရွာတို့တွင် စစ်ကောင်စီတပ် စကခ ၇ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦး နဲ့ ၇ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ 

အဆိုပါကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရာက အောက်တိုဘာလကုန်ပိုင်းမှာ ကယန်းပြည်သစ်ပါတီငြိမ်းချမ်းရေးအဖွဲ့က စစ်ကောင်စီနဲ့ ညှိနှိုင်းကာ  စစ်ရှောင်ပြည်သူတွေ ကျေးရွာတွေအတွင်း ပြန်လည်နေထိုင်ဖို့  ပစ်ခတ်မှုမရှိစေရန် အာမခံနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး နှစ်ပတ်အကြာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

ပြည်သူတချို့ဟာ ကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ပြန်လည် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၉ ရက်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်သို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တယောက်အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ လွိုင်ကော်မြို့၊ ဖယ်ခုံမြို့နဲ့ မိုးဗြဲမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတွေဘက်ကို  လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေ နေ့စဉ်နီးပါး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိနေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024