မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီတပ် ခလရ ၅၈၆ တပ်ရင်းကို ရေးဘီလူးအဖွဲ့က နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
“မော်လမြိုင်မြို့မှာ PDF တွေ ဖမ်းဆီးခံရတဲ့အပေါ် အခုလို သွေးကြွေးပြန်ဆပ်တဲ့အနေနဲ့ M4 လက်နက်ငယ်ရော လက်နက်ကြီးရောပါ ပစ်ခတ်ခဲ့တယ်။ စစ်တပ်က ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိပြီး ရေးဘီလူးအဖွဲ့သားတွေကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။”
အဆိုပါတိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်ကားလမ်းမှာ ခရီးသွားယာဥ်တွေ အသွားအလာ မလုပ်ရဲကြဘူး။ အခြေအနေက မကောင်းသလို တပ်ဘက်ကလည်း စစ်အင်အား ထပ်တိုးနေတာကြောင့် တိုက်ပွဲအရှိန် ပြင်းထန်လာမှာကို စိုးရိမ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုရက်ပိုင်းမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ နေရာတွေအနားမှာ မနေကြဖို့၊ ခရီးသွားလာရာမှာလည်း သေနတ်သံကြားရင် သတိရှိကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ ကျေးရွာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။
မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်ဘက်မှာ စစ်ကောင်စီတပ်ဘက်က အင်အားတွေ ပိုမိုတိုးမြှင့်ထားပြီး ပိတ်ဆို့စစ်ဆေးတာတွေ၊ အကြောင်းမဲ့ ပစ်ခတ်ခံရတဲ့သူတွေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အသွားလာတွေ မလုပ်ကြဖို့ PDF တွေက ပြောဆိုထားပါတယ်။