DVB Logo
Home
မြန်မာသတင်း
အရာတော်နှင့် ဆားလင်းကြီးတွင် စစ်တပ်နှင့် ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရ၊ ကနီမြို့ ၌ မော်တော်တစီး နစ်မြုပ်
DVB
·
November 15, 2022
အရာတော်နှင့် ဆားလင်းကြီးတွင် စစ်တပ်နှင့် ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရ၊ ကနီမြို့ ၌ မော်တော်တစီး နစ်မြုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီလူကြီးလမ်းကြောင်းကို ကင်းပုန်းစောင့်ပေးတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်တာ တကြိမ်နဲ့ မြေပြင်ထိပ်တိုက် တိုက်ပွဲတကြိမ် တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ ကြိုတင်သတင်းရလို့ သွားတိုက်ခဲ့တာ။ သတင်းရတာက မုံရွာကနေ စစ်(--)အကောင်ကြီးကြီး လာမယ်။ အဲဒါကို လုံခြုံရေးကင်းယူမယ်လို့ အတွင်းသတင်းပေးက အတိအကျ သတင်းပေးလို့ ကြိုတင်ပြင်ဆင်ပြီး အလစ်သွားတိုက်ခဲ့တာ။ ပထမအကြိမ်က ၉ နာရီကျော်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်။ နောက် ဒုတိယအကြိမ်ကတော့ နေ့လယ် ၁၂ နာရီလောက်က မြေပြင်မှာ သူပစ်ကိုယ်ပစ် ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့တယ်။ မြေပြင်ကျွမ်းကျင်တာကို အသုံးချနိုင်ခဲ့လို့ ကျနော်တို့ဘက်က အထိအခိုက် မရှိခဲ့ဘူး။ စခတွေဘက်ကတော့ ၃ ကောင် ကျဆုံးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က အကျအဆုံးကို စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုရနိုင်တာ မရှိသေးပါဘူး။

အခုတိုက်ပွဲကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ Danger Force နဂါးနီ ကျောက်ဆည် အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို နိုဝင်ဘာ ၁၄ ရက် မနေ့ ည ၈ နာရီလောက်က လက်နက်ကြီးနဲ့  ပစ်ခတ်ခဲ့တယ်လို့ ဆားလင်းကြီးဒေသခံ ‌ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီပစ်မှတ်တွေကို ၁၂၀ မမ လက်နက် ၂ လက်၊ ၈၀ မမ ၄ လက်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆားလင်းကြီးဒေသခံ တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့ တာဝန်ရှိသူ ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။

“ကျနော်တို့ သွားပစ်တာက ရဲစခန်းရယ်၊ ထွေအုပ်ရုံးရယ်၊ တရားရုံးရယ်ကို သွားပစ်ခဲ့တာ။ ပစ်ခတ်တဲ့ လက်နက်ကြီး အရေအတွက် ၃၂ လုံးနဲ့ ပစ်ခတ်ခဲ့တယ်။ ရဲစခန်းထဲ ၈ လုံးထက်မနည်း ရောက်ခဲ့တယ်။ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်တရားရုံးအတွင်းကို ၅ လုံး ကျရောက်ခဲ့တယ်ဗျ။ စ(--)အသေအပျောက် အတိအကျတော့ မသိရသေးဘူး။ သူတို့ဘက်က စက်လက်နက်နဲ့ ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ စစ်(--)အသေကတော့ စုံစမ်းနေဆဲပဲ” လို့ ပြောပါတယ်။

အခုလို ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရုံးတွေကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၆ ကြိမ်အထိ ရှိနေပြီလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချိုင်ကျေးရွာအထက်ဘက် ချင်းတွင်းမြစ်အတွင်း ဒီဇယ်တင် ဖလက်ခွံမော်တော်တစီး ဒီနေ့ နိုဝင်ဘာ ၁၅ ရက် မနက် ၆ နာရီကျော်လောက်က နစ်မြုပ်တယ်လို့ ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးနေ ပြည်သူတွေဆီက သိရပါတယ်။

အောင်မျိုးဟိန်း သံခွံဖလပ်မော်တော် နစ်မြုပ်ခဲ့တာလို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ချိုင်ပြည်သူတဦးက ပြောပါတယ်။ 

“အိုးဒယ်နစ်သွားတယ်။ ဆုံးရှုံးမှုကတော့ အတော်လေးများတယ်။ ဖလပ်ခွံအပေါ်တင်ခဲ့တဲ့ ဒီဇယ်ပီပါ ၃၀၀ ကျော်ကတော့ ဒေသခံတွေက ကူညီပြန်ဆယ်ပေးလို့ မဆုံးရှုံးဘူးဗျ။ ဖလပ်ဝမ်းဗိုက်ထဲ ထည့်လာတဲ့ ဒီဇယ်ထောင်နဲ့ချီကတော့ ဆုံးရှုံးတယ်။ မုန့်ပဲသရေစာနဲ့ ဈေးကုန်တွေလည်း ဆုံးရှုံးတယ်။”

‌ဖလပ်မော်တော်ပေါ်မှာ လိုက်ပါလာတဲ့ မော်တော်ပိုင်ရှင်အပါအဝင် လူ ၁၂ ဦး ပျောက်ဆုံးနေပြီး ကျန် ၁၀ ဦးစလုံး ‌ဘေးရန်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နစ်မြုပ်တဲ့ ဖလပ်ခွံက ကြီးတဲ့အတွက် လတ်တလော ချင်းတွင်းမြစ်အတွင်းကနေ ပြန်လည်ဖော်ယူနိုင်ဖို့ရာ ခက်ခဲနေတယ်လို့လည်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013