
မကွေးလေတပ်စခန်းဌာနချုပ်ကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ EPDF တပ်ဖွဲ့ကနေ သိရပါတယ်။
မကွေးလေတပ်စခန်းဌာနချုပ်ကို ဒီနေ့ နိုဝင်ဘာ ၁၅ ရက် မနက် ၆ နာရီခွဲလောက်မှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ၁၇၀ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ EPDF တာဝန်ခံ စောဒေးဗစ်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုဟာ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွက် သွေးကြွေးကို ပြန်ယူတာဖြစ်ပြီး ပြည်သူတယောက်ကိုသတ်ရင် စစ်(...) ၁၀ ယောက်ကို ပြန်သတ်မယ်။ အပြစ်မဲ့ပြစ်သူတွေကို သတ်ဖြတ်နေတဲ့ လေယာဥ်တွေရှိတဲ့ လေတပ်စခန်းကို တိုက်ခိုက်တာဖြစ်တယ်။”
မကွေးမြို့အနီးရှိ ဆားတိုင်ကန်ကျေးရွာ ဒေသခံတယောက်ကလည်း “မကွေးလေတပ်စခန်း ဌာနချုပ်ဘက်က ပေါက်ကွဲသံ ၃ ချက် အကျယ်ကြီး ကြားလိုက်ရတယ်။ ဘာဖြစ်တာလဲတော့ သေချာမသိရဘူး။ ညနေ ၃ နာရီကျော်လောက်မှာတော့ ကျနော်တို့ရွာဘက်တွေကို စစ်ကောင်စီတပ်သားတွေ ဝင်လာတော့မှ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရတာ” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်း မကွေးမြို့ဝင်မြို့ထွက်ဂိတ်၊ လမ်းဆုံလမ်းခွတွေနဲ့ တံတားထိပ်တွေမှာ လုံခြုံရေး တင်းကျပ်ထားပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။