DVB Logo
Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယ ကုန်သွယ်မှုတွင် ဒေါ်လာမသုံးဘဲ ကျပ်နှင့် ရူပီး သုံးစွဲရန် စစ်ကောင်စီဝန်ကြီး တိုက်တွန်း
DVB
·
November 15, 2022
မြန်မာ-အိန္ဒိယ ကုန်သွယ်မှုတွင် ဒေါ်လာမသုံးဘဲ ကျပ်နှင့် ရူပီး သုံးစွဲရန် စစ်ကောင်စီဝန်ကြီး တိုက်တွန်း
Donate to DVB

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ မသုံးဘဲ ကျပ်နဲ့ ရူပီး သုံးစွဲဖို့ စစ်ကောင်စီခန့် စီးပွားကူးသန်းဝန်ကြီးက အိန္ဒိယကုန်သည်များနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်က အိန္ဒိယနိုင်ငံ ကို့လ်ကတ္တားမြို့မှာ ပြုလုပ်ခဲ့တဲ့ အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည်အစည်းအဝေးမှာ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကျပ် နဲ့ ရူပီး ကို နှစ်နိုင်ငံကုန်သွယ်မှုမှာ သုံးစွဲနိုင်ဖို့အတွက် နှစ်ဖက် ကုန်သည်တွေ Asian Clearing Union (ACU) ငွေပေးချေမှုယန္တရားကို အသုံးပြုကြဖို့ တိုက်တွန်း ပြောဆိုခဲ့တာပါ။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်ပေးချေမှုမှာ အမေရိကန်ဒေါ်လာ မသုံးဘဲ ကျပ်နဲ့ ရူပီး ပြောင်းသုံးဖို့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ အောင်မြင်မှာ မဟုတ်ဘူးလို့ မြန်မာပို့ကုန်လုပ်ငန်းရှင်တွေက တုံ့ပြန်လိုက်ပါတယ်။

ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်ကြီးတဦးက “ရူပီးနဲ့လုပ်ဖို့ဆိုတာ ဘယ်လိုမျှ အောင်မြင်မယ် မထင်ဘူး။ ဘာလို့လဲဆို ရူပီးက တဒေါ်လာကို ၈၀ ဝန်းကျင်မှာ ရှိတယ်ပဲ ထားပါဦး။ ဒါပေမဲ့ ဘဏ်တွေမှာ ဝယ်ဈေး ရောင်းဈေးဆိုတာ ရှိတယ်လေ။ သူတို့က ဒသမလောက်ပဲ ဖြတ်ယူတာ ဆိုပေမဲ့ ကျနော်တို့က ပမာဏများတယ်ဗျ။ ဥပမာ-သင်္ဘော တစီးကို ကွန်တိန်နာ အလုံး ၅၀ လောက် တင်တာလေ။ ကွန်တိန်နာ တလုံးမှာ တန်ချိန်က ၂၅ တန်ပါတယ်။ ပြောချင်တာက bank charges တွေက နည်းနည်းလေးပဲ ခြားနားချက်ရှိတယ်ဆိုပေမယ့် amount ကများတော့ ကုန်သည်တွေအတွက် မကိုက်ဘူး။ ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်တာက အများကြီး တွက်စရာ မလိုဘူး။ ဒါပေမဲ့ ရူပီးနဲ့ဆိုရင် ဈေးက အမြဲတမ်းပြောင်းနေတာ။ ခဏနေ ၅၀ လောက် တက်သွားလိုက်၊ ပြီးတော့ ၂၀ ပြန်ကျသွားလိုက်နဲ့။ အဲ့လိုမျိုးဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

နှစ်နိုင်ငံအကြား ငွေပေးချေမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက အခုအချိန်အထိ ညွှန်ကြားချက် တစုံတရာ ထုတ်ပြန်လာတာ မရှိသေးတဲ့အကြောင်း အသင်းဝင် ပဲအိတ်စပို့စ်လုပ်ငန်းရှင်တဦးက မှတ်ချက်ပေးပါတယ်။

“ပေါ်လစီက မချသေးတော့ ကျနော်တို့လည်း သိပ်မသိသေးဘူးခင်ဗျ။ အရောင်းအဝယ်စကား စပြောကတည်းက ကိုယ်ကြိုက်ရာနဲ့ပဲ ပြောရမယ်ထင်တယ်။ တရုတ်ကုန်သည်တွေနဲ့ oversea မှာ အရောင်းအဝယ်လုပ်တဲ့အခါ တချို့လည်း ယွမ်နဲ့ ရတယ်၊ ဒေါ်လာနဲ့ ရတယ်၊ ဒီလိုပဲ ပြောနေကြတာပဲလေ။ ကျနော်တို့ကတော့ ဒေါ်လာနဲ့ပဲ လုပ်မယ်။ မရတဲ့အဆုံးတော့ တခြား စီစဉ်ရမှာပေါ့။ နောက်ဆုံး ဘာဖြစ်လာမလဲဆိုရင် ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်လို့မရဘူးဆိုရင် အဲ့အချိန်မှာ ဈေးကွက်တခုက ပေါ်လာမှာပဲ။ ဘာလို့လဲဆို ဘယ်သူမဆို အရောင်းအဝယ်က ရပ်ထားလို့ မရဘူးလေ။ ဖြစ်တဲ့နည်းလမ်းနဲ့ လုပ်နေကြရတာ။ ဒါပေမဲ့ အဲ့လောက်ထိ ဖြစ်လာမယ်လို့လဲ ကျနော်တို့တော့ မမြင်ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် ပြည်တွင်းအိတ်စပို့စ်ပဲဈေးကွက်မှာ အိန္ဒိယနိုင်ငံဆီ အဓိကတင်ပို့နေပြီး အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းက မတ်ပဲ(FAQ) ၁ တန်ကို အမေရိကန်ဒေါ်လာ ၇၆၀ ရှိပြီး အရည်အသွေးမြင့် မတ်ပဲ(SQ) ၁ တန်က အမေရိကန်ဒေါ်လာ ၉၀၀ ရှိပါတယ်။

အလားတူ ပဲစင်းငုံက ၁ တန်ကို အမေရိကန်ဒေါ်လာ ၈၀၅ ဒေါ်လာရှိပါတယ်။ အဆိုပါဈေးနှုန်းတွေဟာ ရန်ကုန်ဆိပ်ကမ်း သင်္ဘောပေါ်အရောက် (FOB) ဈေးနှုန်းဖြစ်ပါတယ်။ 

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်းကတဆင့် တန်ချိန် ၁ ဒသမ ၂၄ သန်း တင်ပို့မှုက အမေရိကန်ဒေါ်လာ ၉၆၆ သန်း ကျော် ရရှိခဲ့ပြီး နယ်စပ်လမ်းကြောင်းကတဆင့် တန်ချိန် ၇ ဒသမ ၈၆ သိန်း တင်ပို့မှုက အမေရိကန်ဒေါ်လာ ၆၀၄ သန်းကျော် ရရှိခဲ့တဲ့အတွက် စုစုပေါင်းနိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၇၀ သန်း ရရှိခဲ့ပါတယ်။

အခု ၂၀၂၂-၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ နိုဝင်ဘာ ၄ ရက်အထိ) ပင်လယ်ရေကြောင်းကတဆင့် တန်ချိန် ၇ ဒသမ ၈ သိန်း တင်ပို့မှုက အမေရိကန်ဒေါ်လာ ၆၃၅ သန်း ကျော်ရရှိထားပြီး နယ်စပ်လမ်းကြောင်းကတဆင့် တန်ချိန် ၁ ဒသမ ၄ သိန်း တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထားတဲ့အတွက် စုစုပေါင်းနိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃၆ သန်း ရရှိထားပါတယ်။

Photo- Commerce

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013