
မကွေးတိုင်း၊ ဆောမြို့နယ်၊ လက်ပန်းကျေးရွာကို နိုဝင်ဘာ ၁၅ ရက် ဒီမနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက အကြမ်းဖက် မီးရှို့ဖျက်ဆီးနေတယ်လို့ လက်ပန်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဆောမြို့နယ်၊ လက်ပန်းကျေးရွာကို ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ် အင်အား ၉၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ရွာတောင်ဘက်ပိုင်းကနေ စတင်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ရွာကို ပထမတကြိမ် စစ်ကြောင်းထိုးတုန်းက ကာကွယ်ရေးနဲ့ဆက်စပ်တဲ့ ပစ္စည်းတချို့ကို စစ်ကောင်စီတပ်သားတွေက တွေ့ရှိခဲ့တဲ့အတွက် နောက်တကြိမ် စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့ဖျက်ဆီးနေသလို ကျောက်ထု အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။”
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတဲ့ လက်ပန်းရွာက ဒေသခံပြည်သူအားလုံး အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရကာ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဆောမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက စစ်ကောင်စီကား ၂ စီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခဲ့လို့ ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ၊ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
မြိုင်မြို့နယ် စက်မှု-၂ ကနေ သရက်ကန် ပျူစောထီးစခန်းဘက်ကိုလာတဲ့ စစ်ကောင်စီကား ၂ စီးကို မနေ့ နေ့လယ် ၃ နာရီခွဲလောက်မှာ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ခွဲ ၁၊ ၂ နဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး အဲဒီကားတွေ ပြန်တဲ့အချိန် ကျောက်တိုင်လမ်းခွဲမှာ ရှေ့ထွက်မိုင်း ၄ လုံးအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကောင်စီရဲ့ လိုက်ထရပ်ကားပေါ်မှာပါတဲ့ စစ်သား ၂ ယောက် သေတယ်။ အများအပြား ဒဏ်ရာရရှိသွားတယ်။”
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြားအတည် မပြုနိုင်သလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။