DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်ကို အေအေ တိုက်ခိုက်
DVB
·
November 15, 2022
ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်ကို အေအေ တိုက်ခိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်ညနဲ့ ၁၅ ရက် မနက်ပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော် (အေအေ) က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က တယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်ရွာနားက ကင်းချောင်းတံတားထိပ်မှာ နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေက မိုင်းအကြီး ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ အေအေနဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“မိုင်းက နှစ်လုံးစလုံး ကွဲတယ်ဗျ။ အသံကတော့ မြေကြီးတောင်တုန်တယ်။ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရသူ များပြားနိုင်ပေမဲ့ ညဘက်ဆိုတော့ အရေအတွက်ကို အတိအကျ အတည်မပြုနိုင်ဘူး။”

ကွန်းတောင်ကျေးရွာမှာ တပ်စွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဒီနေ့ မနက် ၆ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကွန်းတောင်ကျေးရွာဘက်ကို ဒီမနက်ပိုင်းမှာ ပဒလိတ်အခြေစိုက် ခမရ ၃၄၄ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကွန်းတောင်ရွာနားမှာ ၂ လုံး၊ ဒေသာရွာသစ် ရွာဟောင်းနားမှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကွန်းတောင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

ကွန်းတောင်ဘူနားက ကဏန်းအပျော့ပြုလုပ်တဲ့ကန်နားမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အသက် ၃၄ နှစ်အရွယ် ကိုဇော်ဝင်းထွန်းမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးရုံကိုပို့ဆောင်ဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မနေ့ညပိုင်းက ကျော်ဇံကျေးရွာမှာ ဦးစံထွန်း၊ ဦးစောသိန်း၊ ဦးထွန်းလှအေးတို့ အပါအဝင် ပြည်သူ ၄ ယောက်လောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

စစ်ကောင်စီတပ်တွေဟာအရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေသလို ခမရ ၅၅၀ နဲ့ ခမရ ၃၄၄ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

စစ်တွေမြို့နယ် မင်းချောင်းတံတားနားမှာလည်း နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးကာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အမြင့်ကျွန်းကျေးရွာက ပြည်သူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013