Home
မြန်မာသတင်း
တနင်္သာရီတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
DVB
·
November 15, 2022
315434837_5399569933502838_3590101981410072528_n
313440304_5399569943502837_8959881615884408800_n

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၁၄ ရက်က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက် ဒဏ်ရာရခဲ့တယ်လို့ PDF မြိတ်ခရိုင်တပ်ရင်း (၂) က ယနေ့ ထုတ်ပြန်ပါတယ်။

မနေ့မနက် ၆ နာရီလောက်က  မော်တုန်းရွာအနောက်ဘက်ကမ်းမှာ ခမရ(၅၅၇/၅၅၈) စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့(မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂)၊ တနင်္သာရီ ကာကွယ်ရေးပြောက်ကျားအဖွဲ့ (တနင်္သာရီရိုးမအဖွဲ့)တို့  ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မနေ့  မနက် ၈ နာရီလောက်မှာလည်း တနင်္သာရီမြို့အဝင် ဗောဓိကမ်းတံတားအနီးရှိ စစ်ကောင်စီတပ် ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်(မြိတ်ခရိုင်တပ်ရင်း ၂ - တပ်ခွဲ ၁ နဲ့ တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့) က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက  “တံတားကင်းစခန်းကို ကျနော်တို့ဝင်တိုက်တော့ စောင့်နေတဲ့ ရဲနဲ့ စခ လေးယောက်က တနင်္သာရီမြို့ထဲ ပြေးဝင်သွားတယ်။ အဲဒီမှာ..မဟာမိတ်တွေက တံတားမှာ နေရာယူပြီး စခတွေနဲ့ တိုက်ပွဲဖြစ်ကြတာ။ ညနေလောက်မှာ စခတွေ..အင်းအား ၆၀ ကျော် စစ်ကူလာပြီး..တိုက်ပွဲထပ်ဖြစ်ကြတာ"လို့ ပြောပါတယ်။

ဒီတိုက်ပွဲမှာတော့ တနင်္သာရီမြို့ခံ ပြည်သူတယောက် သေဆုံးခဲ့သလို စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလအတွင်း တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် တိုက်ပွဲကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရသူလည်း များလာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024