
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် နတ်နန်းကျေးရွာမှာ နေထိုင်သူတွေကို နိုဝင်ဘာ ၁၄ ရက်ညနေပိုင်း နောက်ဆုံးထားပြီး ထွက်ခွာသွားကြဖို့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့က ပြောဆိုခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
နတ်နန်းရွာမှာ အခြေချနေထိုင်တဲ့ ဈေးသည်တဦးက "နတ်နန်းမှာရှိတဲ့ ဈေးသည်ရော၊ ရွာခံရော သွားခိုင်းတာ ဘာပစ္စည်းမှ မယူခိုင်းဘူး။ ဆယ်ဇင်းတုန်းကလို ရွာမီးရှို့ပြီး ပစ္စည်းတွေ ခိုးချင်လို့လား မသိဘူး။ မသွားရင်လည်း သေမှာ ကြောက်ရ၊ သွားရင်လည်း တသက်လုံးကုန်းရုန်း ရှာထားသမျှကုန်မှာ" လို့ ပြောပါတယ်။
ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့ ကြားရှိ နတ်နန်းကျေးရွာဟာ ရွှေတူးဖော်ရေးလုပ်ငန်းတွေရှိပြီး ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ ရွှေဆိုင်တွေနဲ့ စည်ကားတဲ့ ရွာ တရွာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA၊ KPDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်က နန်းမကြိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA၊ KPDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
KIA နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က "အဲဒီနေ့က စစ်ကြောင်းထိုးလာတာကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စကစတပ်ဖွဲ့ဝင် ၃ ဦးက ပွဲချင်းပြီး သေတယ်။ ၁ ဦးက ဆေးရုံရောက်မှ သေတာ။ နောက်ပြီး ၆ ဦးက အပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရတယ်။ စကစတပ်က အင်းတော်ဘက်ကို အင်အားဖြန့်ကျက်လာတယ်လို့ ယူဆရတယ်။ ဒရုန်းနဲ့ ထောက်လှမ်းတာလည်း ရှိတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက် ညနေ ၃ နာရီက ကသာမြို့ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ အင်းတော်မြို့ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းကို ကမ်းနီကျေးရွာ ထိပ်မှာ KIA နဲ့ PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုအခြေနေအသေးစိတ်ကို မသိရသေးပေမယ့် မျက်မြင်တွေရဲ့ ပြောကြားချက်အရ သေဆုံးသူနဲ့ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မှန်လုံကားနဲ့ အင်းတော်မြို့ထဲကို သယ်သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် လျော့နည်းသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နေရာကို အင်းတော်မြို့ပေါ်က စစ်ကူအင်အား ၃၀ ခန့်ခေါ်ယူကာ ဖြည့်တင်းထားတယ်လို့ သိရပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်းတော်၊ နားရခေါင်၊ ပင်ဝလမ်းနဲ့ ကသာလမ်းကြော ဘက်တွေမှာ တပ်အင်အား ဖြန့်ကျက်ချထားတယ်လို့ သိရပါတယ်။