DVB Logo
Home
မြန်မာသတင်း
ကုန်းလမ်းရေလမ်းပိတ်ထားသဖြင့် ပုဏ္ဏားကျွန်းဒေသခံများ အခက်ကြုံ၊ မောင်တောနယ်စပ် ငါးမြစ်ချင်းတင်ပို့မှု လျော့ကျ
DVB
·
November 15, 2022
ကုန်းလမ်းရေလမ်းပိတ်ထားသဖြင့် ပုဏ္ဏားကျွန်းဒေသခံများ အခက်ကြုံ၊ မောင်တောနယ်စပ် ငါးမြစ်ချင်းတင်ပို့မှု လျော့ကျ
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အနောက်ဘက်ခြမ်းကျေးရွာတွေကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကတည်းက ကုန်းလမ်းရေလမ်းတွေ ပိတ်ထားလို့ ဒေသခံတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာနဲ့ ပဒေသာကျေးရွာ ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ကားတချို့ကို ရက္ခိုင့်တပ်တော် (အေအေ)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို မြို့ဝင်တပ်ထိန်းဂိတ်က နိုဝင်ဘာ ၁၃ ရက်အထိ ပိတ်ထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်း ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်တို့မှာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့ ဘယ်မြို့ကိုမှ စျေးသွားမဝယ်ရလို့ ရွာမှာ စားနပ်ရိက္ခာနဲ့ လူသုံးကုန်တွေလည်း စျေး ၂ ဆနီးပါးလောက် တက်သွားသလို ဝယ်လို့လည်း မလွယ်တော့ဘူး။”

ဒါ့အပြင် ပုဇွန်၊ ကဏန်းလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေလည်း ကုန်တွေပိတ်မိနေပြီး မြို့ပေါ်မှာရှိတဲ့ ဒိုင်တွေကို သွားရောက်ဖို့ လမ်းကြောင်းတွေပိတ်ထားတော့ ရေထွက်ကုန်ပစ္စည်းတွေ ပျက်စီးပြီး ကျပ်သိန်းပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဒေသတွေက စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့တွေကို စက်လှေတတန်၊ ကားတတန်နဲ့ သွားလာနေရတာဖြစ်ပြီး ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကို ရေရှည်ပိတ်ထားမယ်ဆိုရင် ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစာရေစာပြတ်လပ်တဲ့ အခြေအနေကို ရောက်တော့မယ်။”

စစ်တွေ-ပုဏ္ဏားကျွန်းမှာ ပိတ်မိနေတဲ့ ကုန်စိမ်းကား တချို့ကိုတော့ နိုဝင်ဘာ ၁၄ ရက်မနက်ကစပြီး  စစ်ကောင်စီက စစ်တွေကို ဝင်ခွင့်ပြုလိုက်ပြီလို့ စစ်တွေ‌ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ ပျံကျစျေးမှ ဟင်းသီးဟင်းရွက်ကုန်စည်တင်ပို့သူတယောက်က “ဒီနေ့မနက်မှာ ပုဏ္ဏားကျွန်းမှာ ပိတ်မိနေတဲ့ ကုန်စိမ်းကား ၁၀ စီးလောက်ကို စစ်တွေမြို့တွင်းကို စစ်ကောင်စီက ဝင်ခွင့်ပြုခဲ့တယ်။ နောက် ဘယ်ကားမှ ဝင်ခွင့်မရဘူး” လို့ အတည်ပြုပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်နေလို့ ကျေးရွာ ၁၀ ရွာကျော်လောက်က ပြည်သူသောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး လတ်တလောမှာတော့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ကို ပို့နေတဲ့ ငါးမြစ်ချင်းတင်ပို့မှုဟာ အောက်တိုဘာလမှာ ၅ ရာခိုင်နှုန်းသာ ရှိပြီး သြဂုတ်လကစလို့ တလထက် တလ ကျဆင်းလာခဲ့တယ်လို့ မောင်တောမြို့နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

မောင်တော-အငူမော်လမ်းကို သြဂုတ် ၁၄ ရက်က စပြီး စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ် ထားသလို စစ်တွေ-ဘူးသီးတောင် ရေလမ်းကြောင်းကိုပါ စက်တင်ဘာ ၅ ရက်ကစပြီး  ထပ်မံ ပိတ်လိုက်တဲ့အတွက် ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်သွားသလို နယ်စပ်ကုန်သွယ်မှု ရပ်တန့်တော့မယ် အနေအထားနဲ့ ရင်ဆိုင်နေကြရတယ်လို့  ဦးအောင်မြင့်သိန်းက ဆက်ပြော ပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၂ ခုနစ်သြဂုတ်လက ငါးမြစ်ချင်းတန်ချိန် ၈၂၆ တန် တင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလမှာတော့ ၃၅ တန်လောက်သာ တင်ပို့နိုင်ခဲ့တယ်လို့  အသင်းစာရင်းအရ သိရပါတယ်။

မောင်တောခရိုင်အား အခုလို ရေရှည်လမ်းတွေပိတ်ထားတာကြောင့် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲများစွာ ကြုံနေရပြီး လမ်းတွေ အမြန်ဆုံးဖွင့်ပေးစေလို​တယ်လို့ မောင်တောမြို့ခံတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013