ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက အုပ်ချုပ်ရေးမှူးဟောင်း နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ အုပ်ချုပ်ရေးမှူဟောင်းတွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
၁၅ မိုင်ရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော် နဲ့ ဦးလမာယော်ထုံတို့ကို မိုးမောက်အခြေစိုက် ခလရ ၄၃၇ က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ နီးစပ်သူက "မနက် ၇ နာရီလောက်က စစ်တပ်က အုပ်ချုပ်ရေးမှူးဟောင်းတွေကို လာဖမ်းသွားတာ။ ဦးလမာယော်ထုံကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးတယ်။ ဦးဂျန်မာဂမ်အောင်ကိုတော့ ဖမ်းထားသေးတယ်။ ဘာလို့ ဖမ်းတာလဲတော့ မသိရဘူး"လို့ ပြောပါတယ်။
ဦးဂျန်မာဂမ်အောင်ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။
မိုးမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ စစ်ကောင်စီတ်တို့ အောက်တိုဘာ ၂၂ ရက်က စပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဒေသခံ နှစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရပါတယ်။