
ထိုင်းနိုင်ငံအနောက်ပိုင်း ဖစ်ချ်ပူရီခရိုင်ထဲမှာ မနေ့က ယာဉ်မတော်တဆ တိမ်းမှောက်ပြီး ကားထဲပါလာတဲ့ မြန်မာနိုင်ငံသား ၃ ဦးလုံး သေဆုံးသွားခဲ့တယ်လို့ today.line ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဖစ်ချ်ပူရီခရိုင် ခေါင်နွဲ့မြို့ ဖစ်ကဆဲန် အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းပို့ချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ ချက်ချင်းသွားရောက် စစ်ဆေးခဲ့တယ်လို့ ခေါင်နွဲ့နယ်မြေရဲတပ်ဖွဲ့ တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ ဘန်ကောက်ဘက်အထွက်လမ်း နောင်ပရုန်အကွေ့နားမှာဖြစ်ပြီး လုံးဝပျက်စီးကာ ပက်လက်အနေအထားနဲ့ တိမ်းမှောက်နေတဲ့ မီးခိုးရောင် ချက်ဗလက်ကားတစီးကို အရင်တွေ့ကြောင်း၊ အထဲမှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ဦးကို မိနစ် ၂၀ ကြာ ကြိုးစားဆွဲထုတ်ပြီး ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ပေမဲ့ ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသူမှာ အသက် ၃၂ နှစ်ရှိ ထက်ဝေဟိန်းဆိုသူ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။
ဒါ့အပြင် ကားလမ်းပေါ်မှာ လွင့်စင်ပြန့်ကြဲနေတဲ့ အမျိုးသမီးအလောင်း ၂ လောင်း ထပ်မံတွေ့ရှိကြောင်း၊ သူတို့ဟာ အသက် ၂၇ နှစ်အရွယ် မထက်ထက်ထွန်းနဲ့ အသက် ၂၉ နှစ်အရွယ် မမျိုးမျိုးစန်းဆိုသူ မြန်မာနိုင်ငံသားတွေလို့ ဆိုပါတယ်။
အနီးနားမှာ ကားတိုက်ခံထားရတဲ့ နောက်ထပ် မီးခိုးရောင်ဟွန်ဒါကား ၁ စီး ရှိနေကြောင်း၊ ယာဉ်မောင်းသူမှာ အသက် ၂၈ နှစ်အရွယ် ထိုင်းလူမျိုး နိုင်းဖူးစဒွန်းဖြစ်ပြီး သူဟာ ပရကျုပ်ခီရီခန်ခရိုင် ဟွာဟင်ဘက်ကနေ မောင်းနှင်လာကြောင်း၊ အဲဒီအချိန် မိုးတွေလည်း ရွာနေပြီး ရှေ့မှာ ချက်ဗလက်ကားက အရှိန်နဲ့ အမြန်မောင်းလာကာ လမ်းဘေးက ဓာတ်မီးတိုင်ကို ဝင်တိုက်လိုက်တာ တွေ့တယ်လို့ ဆိုပါတယ်။
အဲဒီကားဟာ ဓာတ်တိုင်ကိုတိုက်ပြီးတဲ့နောက် ချာလပတ်လည်သွားပြီး ပက်လက်အနေအထားနဲ့ တိမ်းမှောက်သွားကြောင်း၊ ကားလည်ပတ်နေချိန် သူ့ကားကိုလည်း လာတိုက်ထားလို့ ပျက်စီးသွားပြီး လူကတော့ ဘာဒဏ်ရာမှ မရခဲ့ဘူးလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက ချက်ဗလက်ကားကို စစ်ဆေးရာမှာ တနာရီကို ၁၂၅ ကီလိုမီတာနှုန်းနဲ့ အမြန်မောင်းထားပြီး ဘာကြောင့် အမြန်မောင်းရသလဲ၊ သေဆုံးသူတွေက ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ စတာတွေကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ခေါင်နွဲ့ရဲတပ်ဖွဲ့က ပြောပါတယ်။