Home
မြန်မာသတင်း
ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာက လူနေအိမ်များနှင့် ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်
DVB
·
November 14, 2022
315379078_193110953217450_4311050326669212665_n
315710871_193110989884113_5034897334260413797_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာက လူနေအိမ် ၃၈၀ နဲ့ ဒေသခံ ၄ ယောက်ကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ မီးလောင်အိမ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ် ရွာထဲကနေ ထွက်သွားပြီးမှ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း-၁၈ တာဝန်ရှိသူ ဗိုလ်စွန်ရဲက ပြောပါတယ်။

“စစ်ကြောင်းထိုးလာပြီး မီးရှို့တာ။ အခု မနက်ခင်း ၇ နာရီလောက်က စရှို့တာပဲ။ ဘာတိုက်ပွဲမှမရှိဘူး။ စစ်ကောင်စီက ဒီ နိုဝင်ဘာလအတွင်း ကျနော်တို့ PDF အဖွဲ့တွေနဲ့ ထိပ်တိုက် တိုက်ပွဲမဖော်ဆောင်ဘူး။ ပြည်သူကို ဒုက္ခရောက်၊ စိတ်ဓာတ်ကျအောင် တမင်လုပ်နေတာ။ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာလည်း ကျောင်းဖြူကျေးရွာကို မီးထပ်ရှို့နေတယ်။ မနေ့က သူတို့ ထန်းကြီးရွာ မီးရှို့ခဲ့တာ အိမ် ၃၈၀ မီးလောင်တယ်။ အရပ်သား ၄ ဦး မီးရှို့သတ်ထားခဲ့တဲ့ အလောင်းလည်း တွေ့ရတယ်။ အဲ့အရပ်သားတွေက ထန်းကြီးရွာသားတွေနဲ့ ပေါက်ကန်ရွာသားတွေလို့ သိထားရတယ်။”

စစ်ကောင်စီတပ်က ထန်းကြီးရွာကနေ ကျောင်းဖြူကျေးရွာဘက် ထွက်သွားပြီး စစ်ဘေးရှောင်နေသူ ၄ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ ကျောင်းဖြူရွာကို ထပ်မံမီးရှို့တာတွေ စခတွေလုပ်တယ်ဗျ။ အိမ် ၆ လုံးကျော်ကို မီးလောင်သွားတယ်။ သူတို့လာလို့ ထွက်ပြေးပြီး လမ်းဘေးတွေမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေလည်း မီးရှို့သွားတယ်။ လတ်တလောကတော့ အုပ်ဖိုရွာဘက် ထွက်သွားတယ်။ အဲဒါကို ကျနော်တို့အဖွဲ့က လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တာတွေလည်း လုပ်ခဲ့သေးတယ်” လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်ကျားကြီးက ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းက ပစ်ခတ်တာရော၊ ဧရာဝတီမြစ်အတွင်းက စုန်ဆင်းလာတဲ့ စစ်သင်္ဘောက ပစ်ခတ်တာရော စစ်ကောင်စီက လုပ်ဆောင်နေတာကြောင့် ဝက်လက်ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024