Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် ပြည်သူ ၃ ဦးကို စစ်တပ်ကဖမ်းဆီးပြီး ရွှေနှင့်ငွေကြေးများ သိမ်းယူ
DVB
·
November 14, 2022
315091700_204416948711396_3718882896534723999_n

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရွာက ဆေးသွားကုတဲ့ ပြည်သူ ၃ ယောက်ကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ရွှေ ၃၀ ကျပ်သားနဲ့ ငွေကြေးတွေကို သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်း ကွန်းတောင်ကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကွန်းတောင်ရွာက ဗိုက်ခွဲပြီး ချုပ်ရိုးပြေသွားတဲ့လူနာ မခင်မျိုးချေကို ပုဏ္ဏားကျွန်းဆေးရုံကို ရေလမ်းအတိုင်း စက်လှေနဲ့ ပို့ဆောင်ချိန် မနက် ၁၁ နာရီလောက်မှာ လက်နက်ကြီးတွေပစ်ခတ်တာကြောင့် တန်းခိုးရွာက ဗုံးခိုကျင်းထဲ ဝင်ပုန်းနေတဲ်အချိန်မှာ ဖမ်းဆီးခံလိုက်ရတာလို့ ကွန်းတောင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စက်လှေနဲ့သွားတုန်းကတော့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေး ၄ ယောက် ပါသွားတာ။ ပုန်းတွင်းထဲမှာ စစ်သားတွေက ဝိုင်းဝန်းဖမ်းဆီးပြီး ရွှေ ၃၀ ကျပ်သားနဲ့ ငွေကျပ် သိန်း ၆၀ ကို သိမ်းယူကာ မခင်မျိုးချေရဲ့ အမျိုးသား ကိုနေထက်လင်း၊ ပုဏ္ဏားကျွန်းမြို့က ကိုလတ်နဲ့ မောင်ဝင်းတို့ကို ဖမ်းဆီးပြီး နောက်ပြန်ကြိုးတုပ်ကာ နေဗီပေါ်ကို ခေါ်သွားကြတယ်။”

မခင်မျိုးချေကတော့ လက်ရှိ ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပြီး ဖမ်းဆီးခံရတဲ့သူတွေကတော့ ဘာသတင်းအစနမှ မရဘူးလို့ ဒေသခံက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ တန်ခိုးရွာက ဒေသခံပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်သားတွေက မျက်နှာကိုအုပ်ပြီး ရေနွေးပူလောင်းကာ ဆွဲခေါ်သွားကြတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်ကာ နေဗီ ဇက်ရေယာဉ် ၃ စီးနဲ့ ဝိုင်းထားပြီး ကျော်ဇံရွာနားနဲ့ ကျော်ဇံရွာ တောင်ဦးမှာ စစ်ကောင်စီတပ်သားအင်အား ၈၀ လောက် တပ်စွဲထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024