DVB Logo
Home
မြန်မာသတင်း
ကျောင်းသားခေါင်းဆောင် မဝတ်ရည်အောင် အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးရွားနေ
DVB
·
November 14, 2022
ကျောင်းသားခေါင်းဆောင် မဝတ်ရည်အောင် အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးရွားနေ
Donate to DVB

အကျဉ်းထောင် မကြာခဏ ပြောင်းရွှေ့ခံရသလို ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အတွက် ထိရောက်တဲ့ ဆေးကုသခွင့်ရရှိရေး သူ့ရဲ့မိသားစုက လိုလားနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ရောဂါအခြေအနေက ဆိုးရွားလာတယ်။ လေဖြန်းပြီး မကြာခဏ သတိလစ်တယ်။ သတိလစ်ရင် နာရီပေါင်းများစွာကြာတဲ့ အခြေအနေမျိုးတွေပေါ့လေ။ နောက်ပြီးတော့ အစာအိမ်ရောဂါ အခြေအနေက ပိုမိုဆိုးရွာလာပြီး ဗိုက်အောင့်တယ်၊ သွေးအန်တယ်၊ အင်မတန် စိုးရိမ်စရာကောင်းပါတယ်။ အဲ့ဒီအခြေအနေမျိုးမှာ လုံလောက်ပြည့်စုံတဲ့ ပြင်ပဆေးကုသမှု ရရှိဖို့အတွက် မိသားစုဝင်တွေအနေနဲ့ ဆန္ဒရှိတယ်ဆိုတာမျိုး ကျနော်တို့ သိရပါတယ်။”

မဝတ်ရည်အောင်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂရဲ့ တခြားအလုပ်အမှုဆောင်တချို့နဲ့အတူ ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) နဲ့လည်း ထပ်မံ စွဲချက်တင်ခံခဲ့ရပါတယ်။

အင်းစိန်ထောင်ကိုရောက်ရှိပြီး သုံးလအကြာမှာ လေဖြန်းတဲ့အတွက် မဝတ်ရည်အောင်ကို ထောင်ဆေးရုံတင်ခဲ့ရပြီး စစ်ကြောရေးအတွင်း အကြမ်းဖက်နှိပ်စက်မှုတွေကြောင့် ဦးနှောက်အကြိတ်တည်တယ်လို့ မိသားစုက ယူဆထားပြီး ကျန်းမာရေးစစ်ဆေးခွင့်နဲ့ ဆေးကုသခွင့် လျှောက်ထားခဲ့ပေမဲ့ ခွင့်ပြုချက်မရရှိဘူးလို့ သိရပါတယ်။

သူမအနေနဲ့ အကျဉ်းထောင် မကြာခဏ ပြောင်းရွှေ့ခံရပြီးတဲ့နောက် မကြာခဏဆိုသလို အချိန်ကြာမြင့်စွာ သတိလစ်သွားပြီး နောက်ဆုံးအကြိမ်မှာ ၂၂ နာရီ ကြာတဲ့အထိ သတိလစ်သွားခဲ့ပေမဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က “ထောင်ဆေးရုံတွေက ကုသပေးနိုင်ခြင်းမရှိဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ကုသမှုပေးတာ မလုပ်ဘူးပေါ့လေ။ အဲ့ဒီအတွက် ပြင်ပဆေးရုံကို ရည်ညွှန်းချက်ပေးပြီး ကုသဖို့လိုတယ်ဆိုတဲ့ ကိစ္စမျိုးကို သူ့ရဲ့မိသားစုတွေက အစဉ်တစိုက် တိုက်တွန်းနေတာပေါ့လေ။ အစဉ်တစိုက် စာတင်နေတာ၊ တောင်းဆိုနေတာတွေ ရှိတယ်။ ဒါပေမဲ့ အခုအချိန်အထိ မဝတ်ရည်အောင်ဟာ ပြင်ပဆေးကုသမှုကို အခုထိမရသေးဘူး။ ထောင်တွင်း ဆေးရုံမှာပဲ အဖြစ်ကုပေးနေတယ်ဆိုတဲ့ ပုံစံမျိုးကိုပဲ ကျနော်တို့ သိရသေးတယ်ပေါ့နော်” လို့ ပြောပါတယ်။

မဝတ်ရည်အောင် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေဟာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်နေတဲ့ စစ်ကြောရေးမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့နေရပြီး စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်အထိ ဖမ်းဆီးခံရသူ ၁၆,၁၇၉ ယောက်အနက် ၁၂,၉၆၄ ယောက်ဟာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013