မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ၂ နေရာ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ် ကန်ကလေးရွာက နေအိမ်တလုံးကို မီးရှို့ပြီး ဖောကားတစီး၊ အိမ်စီးကားအဖြူတစီး၊ ဆိုင်ကယ် ၂စီး၊ ခြေလျင်ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၆၀ လောက်ကို နိုဝင်ဘာလ ၁၃ ရက် ညနေ ၅ နာရီကျော်လောက်မှာ မိုင်း ၃ လုံးဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ပွဲကို စကြာကာကွယ်ရေးတပ်ဖွဲ့၊ MUGDF တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကန်လေးရွာ အနောက်ဘက် ၃ ဖာလုံလောက် အကွာမှာရှိတဲ့ သင်္ချိုင်းနားမှာ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်(...)၊ ပျူ(...) ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်။ သေဆုံးသွားတဲ့ စစ်(...)၊ ပျူ(...)အလောင်းတွေကိုတော့ ဖောကားနဲ့တင်ပြီး သရက်ကန်ရွာဘက်ကို မောင်းပြေးကာ သရက်ကန်ရွာကနေတဆင့် ပခုက္ကူပြည်သူ့ဆေးရုံကို သယ်သွားပြီး သူတို့ကျန်ခဲ့တဲ့ ဆိုင်ကယ်တစီးကို သိမ်းဆည်းနိုင်ခဲ့တယ်။”
ဒါ့အပြင် ဘန်ကာတွေ အခိုင်အ မာဆောက်ပြီး တပ်စွဲထားတဲ့မြိုင်မြို့မြောက်ဘက် မြို့ဝင်ဂိတ်ကို မြိုင်ပ.က.ဖ တပ်ရင်း-၁ က မနေ့ည ၁၁ နာရီလောက်မှာ ကင်းပုန်းဝပ်ပြီး ဒီနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတယောက် သေနတ်ကျည်ထိမှန် လဲကျသွားပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်၊ သရက်ကန်ရွာနားမှာလည်း နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ပြည်သူတွေရဲ့ မြေပဲခင်းတွေကို ခိုးဖော်နေတဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၆ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။