
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီစစ်သားတွေ အထိုင်ချ စခန်းချထားတဲ့ ရေလယ်ကျွန်းကျေးရွာကို နိုဝင်ဘာ ၁၄ ရက် ဒီနေ့မနက်အစောပိုင်း ၅ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကနီဒေသခံ PDF တွေဆီကနေ သိရပါတယ်။
၆၀ မမ အလုံး ၄၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက “စစ်(--)နဲ့ ပျူအသေကတော့ အတိအကျ မသိရသေးဘူးဗျ။ တိုက်ပွဲကတော့ မနက်ခင်း ၅ နာရီကနေ ၆ နာရီအထိ တနာရီကျော် တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တဦး ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရထားတယ်။ ကိုယ့်လက်နက်နဲ့ကိုယ် ဖြစ်တာပါ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
အခု လက်နက်ကြီးနဲ့ အပစ်ခံရတဲ့ ရေလယ်ကျွန်းကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အများစုဟာ စစ်ကောင်စီ ထောက်ခံသူတွေ နေထိုင်ကြသလို ကနီမြို့နယ်အတွင်းက စစ်ကောင်စီထောက်ခံသူတွေကို ပြည်သူ့စစ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ရွာတရွာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုလို ပြည်သူ့စစ်သင်တန်းတွေပေးပြီး သင်တန်းဆင်းတပ်သားတွေကို လက်တွေ့ သင်တန်းပေးတဲ့အနေနဲ့ စစ်ကောင်စီက အနီးပတ်ဝန်းကျင်ရှိ ခိုတွင်း၊ ကင်းတောင်၊ ရှမ်းမြောင်း စတဲ့ရွာတွေကို သွားရောက်တိုက်ခိုက်ဖို့ စေခိုင်းခဲ့ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း ယူခိုင်းလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။