ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်မှာ နိုဝင်ဘာ ၁၄ ရက် မနက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
ကောင်းမူးတုံရပ်ကွက် မင်္ဂလာမူဆယ်လမ်းမကြီးပေါ်မှာ ဒီမနက် ၁၁ နာရီ မိနစ် ၂၀ လောက်က ပေါ်က်ကွဲတာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူလည်း ရှိနိုင်တယ်လို့ သိရပါတယ်။
“မင်္ဂလာမူဆယ်လမ်းမကြီး ဆင်ဖြူဂိတ်ဘက်ကို သွားတဲ့လမ်းပေါ်မှာ ဖြစ်သွားတာပါ။ ဒီကနေ့မနက် အဲဒီနားမှာ ပြည်သူ့စစ်တွေက လမ်းသွားလမ်းလာတွေ စောင့်ကြပ်စစ်ဆေးနေရင်း ဖြစ်သွားတာ။ ပြည်သူ့စစ်တစ်ယောက် လဲကျသွားတယ်။ ထိခိုက်ဒဏ်ရာ ရမရတော့ မသိဘူး ”
ဒီနေ့ မနက် ၁၁ နာရီကျော်လောက်မှာ ပေါက်ကွဲသံ ၃ ကြိမ်လောက်ကြားပေမယ့် နောက်ထပ် ဘယ်နေရာမှာ ပေါက်လဲဆိုတာ သေချာမသိဘူးလို့ မူဆယ်ဒေသခံက ပြောပါတယ်။
မူဆယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စည်ပင်ဈေးကြီးအနီး ဗုံးပေါက်လို့ အမျိုးသမီး တယောက် သေဆုံးကာ ယာဉ်ထိန်းရဲနဲ့ ပြည်သူ့စစ်ပါ ၃ ယောက် ထိခိုက်ဒဏ်ရာရတဲ့နောက် လမ်းပေါ်က ယာဉ်အသွားအလာတွေကို ပြည်သူ့စစ်တွေက တားဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။
မူဆယ်မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တို့အပြင် KIA၊ SSPPနဲ့ TNLA စတဲ့ လက်နက်ကိုင်အဖွဲ့ တွေရှိပေမဲ့ ဘယ်အဖွဲ့ကမှ ပြည်သူတွေရဲ့ လုံခြုံရေးကို မယူပေးနိုင်ဘူးလို့ မူဆယ်ဒေသခံက ပြောပါတယ်။