DVB Logo
Home
မြန်မာသတင်း
မြင်းမူတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ကန့်ဘလူဒေသခံနေအိမ်များကို စစ်တပ်က မီးရှို့
DVB
·
November 14, 2022
မြင်းမူတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ကန့်ဘလူဒေသခံနေအိမ်များကို စစ်တပ်က မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာအနီးမှာ နိုဝင်ဘာ ၁၃ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူဒေသကာကွယ်အဖွဲ့ဖြစ်တဲ့ Black Eagle Defence Force - MMU က ပြောပါတယ်။

အဲ့ဒီမနက်က စစ်ကောင်စီစစ်ကြောင်းဟာ ဂွေးပင်တောကျေးရွာကနေ ထွက်ခွာလာတာဖြစ်ပြီး ရွာအရှေ့ဘက်ရှိ အုတ်ကန်ဘုရားတောင်ဘက်မှာ ဒရုန်းနဲ့ ဗုံးသီး ၁ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Black Eagle Defence Force - MMU တာဝန်ရှိသူက “ကျနော်တို့အဖွဲ့တွေက စကစစစ်ကြောင်း ပြန်ထွက်အလာကို ကြိုစောင့်ပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။ ဗုံးပေါက်ကွဲပြီး စကစဘက်က ဒရုန်းသွားရာလမ်းကြောင်းကို နောက်ကနေ တရစပ် လိုက်ပစ်ကြသေးတယ်။ ကျနော်တို့အားလုံး အထိအခိုက်တော့ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Black Eagle Defence Force - MMU နဲ့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းကျေးရွာအနီး သစ်တောတွင်း ကင်းပုန်း‌ဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ၂ ကြိမ်တိုင် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၉ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက အင်းမကျေးရွာတောင်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက် မနက်မှာတော့ ရွာမြောက်ပိုင်းကို ဆက်လက်မီးရှို့သွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “အင်အားအလုံးအရင်းနဲ့ ရွာကို ပစ်ခတ်ပြီးဝင်လာတာပါ။ သူတို့ စဝင်တဲ့ရက်က ရွာတောင်ပိုင်းကို မီးတင်ရှို့တယ်။ နောက်ရက်မှာ မြောက်ပိုင်းကိုဝင်ပြီး ရှို့တာ။ ရွာကလူတွေကတော့ ပြေးနေရတယ်။ မြောက်ပိုင်းက ရွာဒေသခံတချို့လည်း ပိတ်မိပြီး ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ သူတို့စဝင်တဲ့ ရက်ကတည်းက ပြေးနေရတာ။ ရွာစဉ်တလျှောက် စစ်ကြောင်းထိုးလာတာပါ” လို့ ပြောပါတယ်။

ရရှိထားတဲ့ အချက်လက်တွေအရ အင်းမကျေးရွာ တောင်ပိုင်းကို တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၆၇ နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ လောက်က မီးရှို့ခဲ့တာဖြစ်ပြီး အင်းမကျေးရွာ မြောက်ပိုင်းကိုတော့ ခမရ ၃၆၇ နဲ့ ၇၀၁ တပ်ရင်းတွေ ပူးပေါင်းပြီး အင်အား ၃၀၀ လောက်နဲ့ ဝင်ရောက်မီးရှို့သွားတာလို့ သိရပါတယ်။

အင်းမကျေးရွာဟာ အိမ်ခြေ ၂၅၀ လောက်ရှိပြီး ဒေသခံပြည်သူ ၃,၅၀၀ လောက် နေထိုင်နေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ကျွန်းလှမြို့ မြို့တော်ခန်းမနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အတွင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက် နေအိမ်မီးရှို့တာတွေကြောင့် ကန့်ဘလူမြို့နယ်ရှိ ပင့်သာ၊ ဖလှယ်ရ၊ မကျည်းကုန်း၊ ရှမ်းကုန်း၊ ပင်းတည်း၊ အင်းမ၊ ထန်းပင်ကုန်း၊ အုတ်ခင်း၊ နဂါးပေါ်၊ ပိတောက်ပင့်၊ ပင့်သာကြီး စတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013