
ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံနဲ့ မြေနီကုန်းတဝိုက်မှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်၊ လူသတ်မှုတွေ ကျူးလွန်ခဲ့သူ ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာ့ရုပ်မြင်သံကြားက နိုဝင်ဘာ ၁၂ ရက် မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်
အဆိုပါ အုပ်စုဖွဲ့ကျူးလွန်သူ ၁၁ ဦးတို့ဟာ လက်ကိုင်ဖုန်း မျိုးစုံ အလုံး ၁၂၀၊ ခါးပိုက်နှိုက်ရာမှရရှိခဲ့တဲ့ ငွေကျပ် ၅,၆၈၀,၀၀၀ ကျပ်နဲ့ သူတို့စီးနင်းအသုံးပြုခဲ့တဲ့ အဖြူရောင် တိုယိုတာ ကားတစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ရုပ်သံက ဆိုပါတယ်။
ကျူးလွန်သူတွေဟာ အဖွဲ့ ၃ ဖွဲ့ခွဲ ကာ လှည်းတန်းခုံးကျော်တံတား၊ ဂမုန်းပွင့်ကုန်တိုက်အရှေ့၊ 199 စတိုးဆိုင်အရှေ့၊ IT လက်ဖက်ရည်ဆိုင်အရှေ့၊ လှည်းတန်းစင်တာအရှေ့၊ လှည်းတန်းဈေးနဲ့ မြေနီကုန်းတဝိုက် သွားလာတဲ့ ခရီးသွားတွေထံကနေ ခါးပှိုက်နှိုက်မှုတွေ ကျူးလွန်ခဲ့ကြပြီး ပြီးခဲ့တဲ့ မေ ၁၁ ရက်က ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဇေယျာသီရီလမ်း လူသတ်မှုကိုလည်း ကျူးလွန်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကလည်း သမိုင်းဈေးဘူတာရုံ မှတ်တိုင်အနီး YBS ၆၁ ယာဉ်ပေါ်သို့ တက်ကာ သံတုတ်ကိုင်ရိုက်နှက်လုယက်ခဲ့သူ ၈ ဦးကိုလည်း ဖမ်းဆီးရခဲ့မိပါသေးတယ်။
လက်ရှိကာလမှာ ခါးပိုက်နှိုက်သူတွေနဲ့ အုပ်စုဖွဲ့လုယက်သူတွေက ရန်ကုန်မြို့ရှိ လူစည်ကားတဲ့နေရာတွေ၊ YBS ယာဉ်လိုင်းတွေပေါ်ထိတက်ကာ ဓားထောက်လုယက်၊ ရိုက်နှက်လုယက်မှုတွေဖြစ်နေလို့ သတိနဲ့ သွားလာနေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။