DVB Logo
Home
မြန်မာသတင်း
ထားဝယ်-မေတ္တာလမ်းတွင် စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် တိုက်ခိုက်ခံရ
DVB
·
November 13, 2022
ထားဝယ်-မေတ္တာလမ်းတွင် စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ထားဝယ်-မေတ္တာလမ်းပိုင်းမှာ ထီးခီးနယ်စပ်မှ ထားဝယ်ကို ထွက်ခွာလာတဲ့ စစ်ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ထားဝယ်-မေတ္တာလမ်းပိုင်း ၂၅ မိုင်တိုင်အလွန်မှာ ယာဉ်တန်းမှာ အင်အား ၇၀ လောက်ပါ စစ်ကြောင်းကို ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု DEF-PDF (ပကဖ-ထားဝယ်)၊ သံမဏိပြောက်ကျားတပ်ဖွဲ့ (ပကဖ-ထားဝယ်)နဲ့ Kawthoolei Army ဆာကဆော တပ်မဟာ တပ်ခွဲ (၃)တို့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ DEF-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

မိနစ် ၃၀ လောက် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျောက်မဲတောင်ရွာအနီး လမ်းကင်းယူထားတဲ့အဖွဲ့က စစ်ကူလာပြီး ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ DEF-PDF တာဝန်ရှိသူက ဆိုပါတယ်။

"အဲနေ့က အတည်ပြုလို့ရတာ ၃ လောင်းထက် မနည်းဘူး။ ၀ကုန်းရွာ အနောက်ပိုင်းအိမ်တွေမှာ ဆေးဘူးကြီးတွေ ချိတ်ထားတာမြင်ရသလောက်ဆို ဒဏ်ရရသူလည်း များပါတယ်။ အနည်းဆုံး ၅ ဦးလောက်ရှိမယ်" 

အဲဒီညမှာ စစ်ကောင်စီက ဝကုန်းကျေးရွာမှာ စခန်းချနားနေခဲ့ပြီး နောက်ရက်မနက်ပိုင်းမှာ ထားဝယ်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဘဲ့မဲ့တက်တောင်အနီးရောက်ရှိချိန် မနက် ၉ နာရီခွဲခန့်မှာ  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရင် သင်္ကန်းတုံးဘက်မှာ လမ်းကင်း လာယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ရှိနေလို့ နှစ်ဖက်ညှပ်တိုက်ခိုက်ခံ ရနိုင်တာမို့ အနောက်မှ လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DEF-PDF တာဝန်ရှိသူက ရှင်းပြပါတယ်။

အဆိုပါတိုက်ခိုက်မှုကို (T1-PDF + ထားဝယ်ပကဖ) ဥဩစစ်ကြောင်းနဲ့ ကော်သူးလေအာမီ ဆာကဆောတပ်မဟာတပ်ခွဲ(၃) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DEF-PDF ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၅ ယောက်ထက် မနည်းသေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာတော့ ထိခိုက်မှုတစုံတရာ မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထားဝယ်မှ ထီးခီးကို ရိက္ခာပို့တဲ့ စစ်ကောင်စီယာဉ်တန်းမှာ အခုနောက်ပိုင်း ခြေကျင် ဝင်ထွက် သွားလာလျက်ရှိပြီး ဝကုန်းရွာနဲ့ သင်္ကန်းတုံးရွာဝန်းကျင်တဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက မကြာခဏကြားဖြတ်တိုက်ခိုက်လေ့ရှိတာကြောင့် ယာဉ်တန်းဖြတ်သန်းချိန်တွေမှာ ဒေသခံပြည်သူတွေ ကြိုတင်တိမ်းရှောင်နေရလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013