
မကွေးတိုင်း၊ မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာကို နိုဝင်ဘာ ၁၂ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ် နှမ်းဆီကန်ရွာကို နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ သရက်ကန်ရွာ၊ ဝက်ပုတ်ရွာက ပျူစောထီးတွေ အင်အား ၅၀ လောက် ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ နှမ်းဆီကန်ရွာခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ရွာပြင်မှာနွားကျောင်းနေတဲ့ အဘိုးကြီးတယောက်ကို ဖမ်းဆီးရိုက်နှက်ကာ သူတို့မီးရှို့ချင်တဲ့ အမည်စာရင်းတွေပါတဲ့ နေအိမ်တွေကို လိုက်ပြခိုင်းပြီး မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
နှမ်းဆီကန်ရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်လာပြီး မီးရှို့ ဖျက်ဆီးနေတာကြောင့် ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးကြရပြီး အခုအချိန်ထိ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ ပြောပါတယ်။
သြဂုတ် ၇ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းက နှမ်းဆီကန်ကျေးရွာထဲကို ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။