DVB Logo
Home
မြန်မာသတင်း
“မသောက်မိသော မိုးခါးရေ”ရုပ်ရှင် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့တွင် ပြသ (ဓာတ်ပုံ)
DVB
·
November 13, 2022
Gallery image 1
1 / 15
Donate to DVB

ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ဗြိတိသျှကိုလံဘီယာနည်းပညာတက္ကသိုလ် (BCIT) မှာ ပြသပါတယ်။

နွေဦးတော်လှန်ရေး ရန်ပုံငွေအဖြစ် 2021 Burma Action Group Vancouver (BAGV) အဖွဲ့က စီစဉ်ပြသတဲ့ ဒီရုပ်ရှင်ကားကို တစ်ဦးလျှင် ဒေါ်လာ ၂၀ နဲ့ အချိန် နှစ်ချိန်ခွဲပြသရာမှာ ဗန်ကူးဗားရောက် မြန်မာပြည်ဘွားတိုင်းရင်းသားပေါင်းစုံနဲ့ ကနေဒါနိုင်ငံသားတွေ  ၂၅၀ ကျော်လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။

CDM စစ်ဗိုလ်တယောက်ရဲ့  ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ မိနစ် ၃၀ ကြာ ဒီရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်း တနေရာမှာ iphone 11 ကင်မရာနဲ့ ရိုက်ကူးဖန်တီးထားတာဖြစ်ပြီး ဇာတ်ညွှန်းရေး၊ ရိုက်ကူး၊ တည်းဖြတ် ၄ လကြာ အချိန်ယူ ဖန်တီးထားတာပါ။

ဒီဇာတ်ကားကို CDM တွေအတွက်ခွန်အားဖြစ်စေဖို့နဲ့   ပြည်သူ့ဘက်ကို CDM ပိုမိုပါဝင်လာစေဖို့ ရည်ရွယ်ရိုက်ကူးထားတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလလောက်မှာ မြန်မာပြည်တွင်းက ပရိတ်သတ်တွေ ကြည့်ရှုနိုင်အောင်စီစဉ်နေတယ်လို့ ဒါရိုက်တာ ကိုပေါက်က အွန်လိုင်းရုပ်သံကနေ တဆင့် ပြောပါတယ်။ 

“ ပြခွင့်မရတဲ့ နိုင်ငံတွေ၊ မြန်မာပြည်မှာ ရှိနေတဲ့ CDM တွေ အားလုံး ၊ အားလုံးကို ဒီဇာတ်ကားက ဒီဇင်ဘာထဲမှာ မြန်မာပြည်မှာ ကြည့်လို့ရဖို့အတွက် ပြင်ဆင်ထားပါတယ်။ အဲဒီအခါကျရင် ကြည့်သွားပြီးပြီဆိုရင် ဒီဇာတ်ကားအရ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေလိုပဲ ပြည်သူ့ဘက်ကို ပါဝင်လာကြမယ့် ရာခိုင်နှုန်းတွေအများကြီးရှိလာမှာပါ။ အခုကြည့်တောင်မကြည့်ရသေးဘူး။ တကယ်တမ်း မြန်မာပြည်ထဲက CDM တွေ တယောက်မှ မကြည့်ရသေးဘူး။ တကယ်တမ်းကြည့်ရတဲ့ အချိန်ကြရင် သူတို့စိတ်တွေ သူတို့အတွက် အများကြီး ခွန်အားဖြစ်သလို သူတို့တွေ ပြည်သူ့ဘက်ကို ပါဝင်လာဖို့ ရှိတယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီအတွက်လည်း ဒီဇာတ်ကားကို ရိုက်တာပါ။” 

ဒါရိုက်တာ ကိုပေါက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

ကနေဒါရောက် Miss Grand International အလှမယ်ဟန်လေးက “မြန်မာနိုင်ငံအတွက်လည်း အများကြီးကူညီချင်တယ်။ အရင်ကတည်းကလည်း သံန္နိတ်ဋ္ဌာန် ချထားတာဖြစ်တဲ့အတွက်ကြောင့် အဆုံးထိကူညီမယ်၊ အမြဲတမ်းတက်ကြွနေမယ်၊ ဘယ်တော့မှ စိတ်ဓာတ်မကျဘူး။ ဟန်လေးတို့ ပန်းတိုင်က ရောက်မှာ ကျိန်းသေတယ်။ အဲတော့ ဟန်လေးတို့ အများကြီး ကြိုးစားကြမယ်”လို့ ပြောပါတယ်။

ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက “ကျနော်တို့တွေ ဒီတော်လှန်ရေး မုချအောင်မြင်ရမယ်ဆိုတဲ့ ကျနော်တို့ရဲ့ စိတ်ဓာတ်၊ ကျနော်တို့ရဲ့ ယုံကြည်ချက်နဲ့ အားလုံးလုပ်နေကြတာဖြစ်တဲ့အတွက်ကြောင့် အဓိကဖြစ်တဲ့ စည်းလုံးညီညွတ်မှုပေါ့။ ဆက်လက်ပြီးတော့ စည်းလုံးညီညွတ်ပေးကြဖို့ ကျနော်တို့ ခိုင်မာတဲ့ ဒီစိတ်ဓာတ်နဲ့ပေါ့နော် စစ်အာဏာရှင်ချုပ်ငြိမ်းရမယ်၊ ဖယ်ဒရယ် ဒီမိုကရေစီ ရရှိရမယ်ဆိုတဲ့ ကျနော်တို့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ပြီးတော့ တော်လှန်ရေး အောင်မြင်တဲ့အထိ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လည်း ထပ်လောင်း မေတ္တာရပ်ခံပါတယ်” လို့ပြောပါတယ်။ 

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ သြစတြေးလျ၊ အမေရိကန်၊ ယူကေ၊ အိုင်ယာလန်၊ ကနေဒါစတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံ မြို့ပေါင်း ၅၀ လောက်မှာပြသခဲ့ပြီး ပရိသတ်အားပေးအောင်မြင်မှုတွေ ရရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013