
စစ်ကိုင်းတိုင်း မြောင်နဲ့ ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၂ ရက်က နေလယ်ပိုင်းက စပြီး မီးရှို့နေတာကြောင့် ပြည်သူထောင်ချီ ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပရိမ္မဒေသခံတဦးက “မြောင်နယ်ကတော့ မြောင်ဆိုတဲ့အမည်လေးပဲ ကျန်တော့မယ်ထင်တယ်။ စစ်ကောင်စီက ကျေးရွာတွေ ဝင်တိုင်း မီးရှို့နေတယ်။ ဒီနေ့ နေ့လယ်ပိုင်းကလည်း ပရိမ္မရွာကို မီးရှို့တယ်။ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ မီးလောင်တဲ့ အိမ်ခြေ အတိအကျ လည်း မသိရသေးဘူး” လို့ ပြောပါတယ်။
ပရိမ္မကျေးရွာဟာ ကျန်စစ်သားမင်းရဲ့ မွေးဖွားရာဇာတိဖြစ်သလို အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ကျေးရွာ တရွာဖြစ်တယ်လို့လည်း သိရပါတယ်။
အလားတူ ကန့်ဘလူမြို့နယ်မြောက်ခြမ်း ပင့်သာဒေသက ရှမ်းကုန်း၊ အင်းမနဲ့ ပင့်သာရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီကျော်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြိုနယ်ဒေသခံတဦးက “ကန့်ဘလူမြို့နယ်မြှောက်ပိုင်းကို စစ်ကြောင်းထိုးပြီး မနက်ခင်းက ရှမ်းကုန်းကျေးရွာကို မီးတင်ရှို့တယ်။ နေ့လယ်ပိုင်းမှာ အင်းမရွာသို့ ထပ်မံဝင်ရောက်ကာ မီးရှို့တာတွေတယ်။ မီးရှို့ခဲ့တဲ့စစ်ကြောင်းနဲ့ ချပ်ကြီးရွာဘက်က ထွက်လာတဲ့ စစ်ကြောင်းပေါင်းပြီး ပင့်သာရွာ (ဒေသအခေါ် တည်ပင်ရွာ) ထပ်မံ မီးရှို့တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရွာသားတွေ လုံခြုံရေးအရ ရွာထဲ မဝင်ခိုင်းသေးဘူ။ အိမ်ဘယ် နှလုံး မီးလောင်းတယ်ဆိုတာကတော့ အတိကျမ ပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်မြောက်ခြမ်းကို စစ်ကြောင်း ထိုးနေဆဲဖြစ်တာကြောင့် အင်ငုတ္တိုရွာ၊ ပင့်သာရွာ၊ မကျီးကုန်းရွာ၊ ဟင်းဖြူတောရွာ၊ ပင့်သာကြီးရွာ၊ နဂါးပေါ်ရွာ၊ အုတ်ခင်းရွာ၊ ပိတောက်ပင်ရွာ၊ အင်းမရွာ၊ ရှမ်းကုန်းရွာနဲ့ ပင်းတည်းရွာနေသူတွေ နေရပ်စွန်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။