
ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ် အနောက်ဘက်ခြမ်း တန်းခိုးရွာဘက်ကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နေလို့ ကျေးရွာ ၁၀ ကျော်လောက်က ပြည်သူ သောင်းချီ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန်းခိုးရွာဘက်ကို မနေ့မနက် ၈ နာရီလောက်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ပစ်ခတ်ပြီး စစ်ရေယာဉ် ၂ စီး၊ ဇက်ရေယာဥ် ၁ စီး၊ စပိဘုတ်တစီး ချောင်းဝမှာ ရပ်တန့်ပြီး စစ်ကောင်စီတပ်သား အင်အား ၄၀ လောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အဝတ်တထည် ကိုယ်တခုနဲ့ အသက်လုပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ တန်းခိုးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေ မတက်ခင်မှာ ရဟတ်ယာဥ်တစီး ဝဲပျံနေပြီး ဒရုန်း နဲ့ ဗုံးချ ပစ်ခတ် တဲ့အပြင် ပုဏ္ဏားကျွန်း၊ ပါဒလိတ်အခြေစိုက် တပ်ရင်း၊ ကွန်းတောင်တပ်စခန်းနဲ့ ရေတပ်ကနေ လက်နက်ကြီးနဲ့ ၉ ချက်လောက် ဝိုင်းပစ်ပြီးမှ တက်လာတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တန်းခိုးရွာနဲ့ ကျွဲထိုးရွာကို ခြေကုတ်ယူထားတာကြောင့် တန်းခိုး၊ ကျွဲထိုး၊ ပဒေသာ၊ ငှက်ကြီးကျွန်း၊ အိုင်တင်၊ အထုပ်သယ်၊ ကျော်ဇံ၊ အောင်ဖြူပြူပြင်၊ ဆင်အင်းကြီး၊ ကွန်းတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အနောက်ဘက်ခြမ်းကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။